ဆီးရီးယားနိုင်ငံအနှံ့မှာ အစ္စရေးက ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို တပ်ဖွဲ့တွေလည်း နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်လာရာမှာ ဒမတ်စကတ်မြို့တော်နဲ့ ၁၅ မိုင်လောက် အကွာအထိ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အစ္စရေးကတော့ မြို့တော်အထိ တပ်တွေ ဦးတည်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ထားတာပါ။
မြို့တော်နဲ့ အနီးဝန်းကျင်တဝိုက်မှာတော့ မနေ့ညကစ ဒီကနေ့အထိ လေကြောင်းက အပြင်းအထန် တိုက်ခိုက်တဲ့ အသံတွေကို ကြားခဲ့ကြရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာလည်း မစ်ဇိုင်းဒုံးပစ်စင်တွေ၊ ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်တွေ ပျက်စီးနေတာကို တွေ့ကြရတာပါ။ အစွန်းရောက်တွေလက်ထဲ ရောက်မသွားအောင် ကြိုတင်ဟန့်တားတဲ့အနေနဲ့ ဓာတုလက်နက်တွေ ရှိတယ်လို့ မသင်္ကာတဲ့ နေရာတွေနဲ့ လက်နက်ကြီးတွေ ရှိရာနေရာတွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောဆိုထားပါတယ်။
သူပုန်တွေရဲ့ ရုတ်တရက် ထိုးစစ်ကြောင့် ဆီးရီးယားသမ္မတ Bashar Assad ရာထူးကပြုတ်ကျခဲ့ပြီး နောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်နဲ့ ၁၉၇၃ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲနောက်ပိုင်း ဖန်တီး ထားတဲ့ ကြားခံနယ်မြေထဲကိုလည်း အစ္စရေးတပ်ဖွဲ့တွေ အစောပိုင်းမှာကတည်းက ဝင်ရောက် နေရာယူထားကြပါတယ်။
Your browser doesn’t support HTML5