ဆီရီးယား သူပုန်ခေါင်းဆောင် Abu Mohammed al-Jolani ဟာ ဝန်ကြီးချုပ် Mohammed al-Jalali တို့ ဟာ အာဏာလွှဲပြောင်းရေး ဆွေးနွေးခဲ့ကြတယ်လို့ သူပုန်တွေက တနင်္လာနေ့ မှာ ပြောပါတယ်။ လူထုက ရွေးချယ်တဲ့ ဘယ်ခေါင်းဆောင်နဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီး၊ အာဏာလွှဲပြောင်းရေး ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်လို့ ဝန်ကြီးချုပ် Jalali က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
ဆီးရီးယား ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေး အာမခံနိုင်မယ့် အာဏာလွှဲပြောင်းရေး ကိစ္စတွေကို ပေါင်းစပ်ညှိုနှိုင်းခဲ့ကြတယ်လို့ သူပုန်တွေရဲ့ တယ်လီဂရမ် လူမှုစာမျက်နှာမှာ ဆိုပါတယ်။ ဆီးရီးယား အနောက်မြောက်ဒေသက သူပုန်တွေ ရဲ့ ကယ်တင်ရေးအစိုးရ ခေါင်းဆောင် Mohammed Bashir လည်း အစည်းအဝေး တက်ရောက်ခဲ့တာကို တင်ထားတဲ့ ဗွီဒီယို အတိုလေးမှာ တွေ့ကြရပါတယ်။ Idlib ခရိုင်နဲ့ အနီးအနား ဒေသတွေကို သူပုန်အဖွဲ့ Hayat Tahrir al-Sham (HTS) က အုပ်ချုပ်နေခဲ့တာပါ။
ယခင် သမ္မတ ဘာရှားအာဆတ် ပြုတ်သွားပြီးတဲ့နောက် အစိုးရအဖွဲ့ ဝန်ကြီးအများစု က ဆက်လက် အလုပ်လုပ်နေကြဆဲ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် က ဆိုပါတယ်။ ဒါပေမဲ့ အစိုးရ လုပ်ငန်းတွေကတော့ လုံးဝ ရပ်သွားခဲ့ပြီလို့ ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဌာနေ ပေါင်းစပ်ညှိုနှိုင်းရေးမှူး Adam Abdelmoula ကတော့ ပြောပါတယ်။
Forum