အီရန်နိုင်ငံရဲ့ နျူကလီယာနဲ့ ရေနံမြေကိုမတိုက်ဖို့ အစ္စရေး အာမခံ (ကန်အရာရှိ)

အီရန်နိုင်ငံရဲ့ မြေအောက် နျူကလီယားလုပ်ကွက်သစ်တခုမြင်ကွင်း။

အီရန်နိုင်ငံရဲ့ နျူကလီယာနဲ့ ရေနံဆိုင်ရာနေရာတွေကိုမတိုက်ဘူးလို့ အစ္စရေးဆီက အာမခံချက် ရရှိတယ်လို့ အမေရိကန်အစိုးရကယုံကြည်ကြောင်း အမည်မဖော်လိုသူ အရာရှိကြီး ၂ ယောက်က အေပီသတင်းဌာနကို အင်္ဂါနေ့က ပြောကြပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ ကတိစကားက အသေမဟုတ်ဘဲ အခြေအနေပြောင်းသွားတာနဲ့ပြောင်းနိုင်ကြောင်း သူတို့က သတိပေးပါတယ်။ THAAD လို့ အတိုအားဖြင့်သိကြတဲ့ ကမ္ဘာ့လေထု အလွန်အမြင့်ကနေ လာတဲ့ ဒုံးကျည်တွေကို ကာကွယ်ပေးနိုင်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ အဲဒီစနစ်ကို ကိုင်တွယ်ပေးမယ့် စစ်သည် ၁၀၀ ဝန်းကျင်ကို အမေရိကန်က အစ္စရေးကိုပေးလိုက်တဲ့အတွက် အီရန်က လက်တုံ့ပြန်တိုက်လာမှာကိုစိုးရိမ်နေတဲ့ အစ္စရေးရဲ့ စိုးရိမ်ချက် တစုံတရာအတိုင်းအတာထိ လျော့သွားပုံရတယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒါပေမဲ့ ဒီလို အစ္စရေးက အာမခံချက်ပေးတယ် ဆိုတာကိုတော့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုဖို့ ငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ သမ္မတဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ဟာ လွန်ခဲ့တဲ့ ၇ ပတ်အတွင်း ပထမဆုံးအဖြစ် တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကတော့ ပုံမှန် အဆက်အသွယ် ရှိကြပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ အီရန်ကအစ္စရေးကို ပဲ့ထိန်းတပ်ဒုံးကျည် အစင်း ၁၈၀ ကို ပစ်ခဲ့ပြီးတဲ့နောက် အီရန်ရဲ့ နျူကလီယာအစီအစဥ်ကိုမတိုက်ခိုက်ဖို့ သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရေနံသိုလှောင်ရာနဲ့ ရေနံချက်စက်ရုံလိုနေရာတွေကို တိုက်ခိုက်ခဲ့ရင်လည်း အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ ဓာတ်ဆီစျေးတွေ တက်သွားနိုင်တာပါ။

Your browser doesn’t support HTML5

 အီရန်နိုင်ငံရဲ့ နျူကလီယာနဲ့ ရေနံမြေကိုမတိုက်ဖို့ အစ္စရေး အာမခံ (ကန်အရာရှိ)