အစ္စရေး-လက်ဘနွန် ပဋိပက္ခမှာ တရုတ်က ငြိမ်းချမ်းရေးစေ့စပ်နိုင်မလား

လက်ဘနွန်တောင်ပိုင်းဒေသမှာ အစ္စရေးပစ်လိုက်တဲ့ဒုံးတွေထိမှန်ပေါက်ကွဲနေပုံကို အစ္စရေးမြောက်ပိုင်းက ရိုက်ကူးထားပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄)

အစ္စရေးတပ်တွေ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇဘိုလာပစ်မှတ်တွေကို လေကြောင်းကဆက်လက်တိုက်ခိုက်နေချိန်မှာတရုတ်နိုင်ငံက ကြေညာချက်တွေထုတ်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အခန်းက ပါဝင်ဆောင်ရွက်ဖို့ ပိုမိုအားထုတ်လာတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။ ဒါပေမယ့် တရုတ်ရဲ့အားထုတ်မှုဟာ ဘယ်လောက်ထိရောက်နိုင်မလဲဆိုတာတော့ မသေချာဘူးလို့ သုံးသပ်သူတဦးက ဆိုပါတယ်။

ဟက်ဇ်ဘိုလာခေါင်းဆောင် Nasrallah က အစ္စရေးတို့လက်ချက်နဲ့သေဆုံးခဲ့ရပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပဋိပက္ခ အရှိန်မြင့်လာမှာကို စိုးရိမ်ကြောင်းနဲ့ နှစ်ဖက်စလုံး အထူးသဖြင့် အစ္စရေးနိုင်ငံကို အခြေအနေတွေငြိမ်သက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာနဲ့ ငြိမ်းချမ်းရေးအပေါ် ထိပါးတာကိုဆန့်ကျင်ပြီး အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်နေတာဟာ ဒေသတွင်းအခြေအနေတွေပိုမိုတင်းမာလာအောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရတဦးက တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီလိုတင်းမာမှုပြင်းထန်လာချိန် ဦးစားပေးလုပ်ဆောင်ရမယ့်ကိစ္စကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်နဲ့လျှော်ညီစွာ ဂါဇာတိုက်ပွဲတွေကို ဖြစ်နိုင်သမျှအမြန်ဆုံးရပ်စဲပြီး အရှေ့အလယ်ပိုင်းရဲ့ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုအားတက်သရော အကာအကွယ်ပေးရေးပဲဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဆိုထားပါတယ်။ တရုတ်နိုင်ငံဟာအရှေ့အလယ်ပိုင်းမှာ ကုန်သွယ်ရေးနဲ့ သံတမန်ဆက်ဆံရေးကို တိုးမြှင့်ဖို့ ကြိုးပမ်းနေချိန် မကြာသေးမီလတွေကစပြီးပိုမိုအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ဖို့ လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မကြာသေးမီကလည်း ကာလတာရှည်ပြိုင်ဖက်တွေဖြစ်ခဲ့ကြတဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ စေ့စပ်ပေးခဲ့ပါတယ်။

Your browser doesn’t support HTML5

အစ္စရေး-လက်ဘနွန် ပဋိပက္ခမှာ တရုတ်က ငြိမ်းချမ်းရေးစေ့စပ်နိုင်မလား