အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး နုတ်ထွက်

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ Hamas နဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ နုတ်ထွက်တဲ့အကြောင်း အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Avigdor Lieberman က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

အီဂျစ်နိုင်ငံက ကြားဝင်စေ့စပ်မှုအရ ဂါဇာဒေသမှာ အုပ်ချုပ်နေတဲ့ Hamas အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့အပေါ် ဆန့်ကျင်ဝေဖန်နေကြပြီး၊ စစ်သွေးကြွတွေကို အစ္စရေးလ် တပ်ဖွဲ့တွေနဲ့ ပိုပြီးပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လိုလားနေကြတဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးလည်း တဦး အပါအဝင် ဖြစ်ပါတယ်။ သဘောတူညီချက်ဟာ အကြမ်းဖက်ဝါဒကို အညံ့ခံရာရောက်တဲ့ လုပ်ရပ်ဖြစ်ရပ်တခုဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဒီနေ့အစောပိုင်းမှာပဲ သဘောတူညီချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရန်သူ့ဖက်က အပစ်အခတ် ရပ်စဲဖို့ တောင်းပန်ခဲ့တာဖြစ်ပြီး၊ ဘာကြောင့်လုပ်ရတယ် ဆိုတာကိုလည်း သူတို့အသိဆုံး ဖြစ်တဲ့အကြောင်း အစ္စရေးလ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ဝင် တချို့နဲ့ အစ္စရေးလ်လူထုကြားမှာတော့ အပစ်အခတ် ရပ်စဲလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို၊ Hamas စစ်သွေးကြွတွေကို အစ္စရေးလ် တပ်ဖွဲ့တွေနဲ့ ပိုပြီးပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။

ဂါဇာဒေသမှာရှိတဲ့ Hamas စစ်သွေးကြွတွေဖက်က ရော့ကတ်ဒုံးနဲ့ မော်တာအလုံးပေါင်း ၄၆၀ လောက် အစ္စရေးလ်နိုင်ငံထဲ ပစ်ခတ်ခဲ့ရာက အစ္စရေးလ်ဘက်ကလည်း ဂါဇာမှာရှိတဲ့ ပစ်မှတ် ၁၆၀ ကို လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ပါလက်စတိုင်းစစ်သွေးကြွ ၅ ဦးနဲ့ လူ ၂ ဦး သေဆုံးပြီး၊ စစ်သွေးကြွတွေရဲ့ ရော့ကတ်နဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးလ်နိုင်ငံသားတဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့တာပါ။

တိုက်ခိုက်မှုတွေနောက်ပိုင်း ဂါဇာဒေသမှာ တနင်္ဂနွေနေ့တုန်းက အစ္စရေးလ်က စီးနင်းတိုက်ခိုက်ရာမှာ မအောင်မမြင် ဖြစ်ခဲ့ရာက အစ္စရေးလ်အရာရှိတဦးနဲ့ ပါလက်စတိုင်း ၇ ယောက်လည်း သေဆုံးခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Nickolay Mladenov ကတော့ သက်ဆိုင်သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ အကြမ်းဖက်မှု သံသရာနဲ့ မကြုံရအောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး နုတ်ထွက်