လေပိုင်နက်ကျူးကျော်လာတဲ့ တရုတ်စစ်လေယာဉ်ကို ဂျပန်သတိပေးနှင်ထုတ်

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်တဲ့ Danjo ကျွန်းစုအေပါ် ဂျပန်လေပိုင်နက်ထဲဝင်လာတဲ့ တရုတ်လေယာဥ်။ (သြဂုတ် ၂၆၊ ၂၀၂၄)

ဂျပန်လေပိုင်နက်ထဲ တနင်္လာနေ့က ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ တရုတ်စစ်ဘက်လေယာဥ်တစင်းကို ဂျပန် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေနဲ့ သတိပေးနှင်ထုတ်ခဲ့ရတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ နာဂါဆာကီစီရင်စုထဲက Danjo ကျွန်းစုလေပိုင်နက်ထဲကို တရုတ်စစ်လေယာဥ်ကျူးကျော် ဝင်ရောက်လာကြောင်း ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။

အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် တိုက်လေယာဥ်တွေကို စေလွှတ်ခဲ့ရတယ်လို့လည်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ကြေညာချက်မှာပြောထားပါတယ်။ တရုတ်Y-9 ထောက်လှမ်းရေးလေယာဥ်ဟာ ဂျပန်လေပိုင်နက် ထဲကို မနက် ၁၁ နာရီ ၂၉ မိနစ်မှာဝင်ရောက်လာပြီး ၂ မိနစ်လောက် ပျံသန်းသွားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေဘက်က မှတ်ချက်ပေးပြောဆိုတာ မရှိပါဘူး။ ဒါဟာ ဂျပန်လေပိုင်နက်အတွင်း တရုတ်စစ်လေယာဥ်ပထမဆုံးကျူးကျော်ဝင်ရောက်မှုဖြစ်တယ်လို့ NHK အပါအဝင် ဒေသတွင်းသတင်းမီဒီယာတွေက ပြောပါတယ်။တရုတ်စစ်လေယာဥ်ကို သတိပေးချက်ထုတ်ပြန်တာမျိုးကလွဲလို့ မီးကျည်လို သတိပေးတဲ့ လက်နက်မျိုးတွေ အသုံးမပြုခဲ့ဘူးလို့NHK သတင်းက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီး Masataka Okana က ဂျပန်ဆိုင်ရာ တရုတ်ယာယီသံအမတ်ကို တနင်္လာနေ့နှောင်းပိုင်းကဆင့်ခေါ်ပြီး ပြတ်သားစွာကန့်ကွက်ခဲ့သလို အလားတူဖြစ်ရပ်မျိုးထပ်မဖြစ်အောင် သတိပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးရုံးရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Your browser doesn’t support HTML5

လေပိုင်နက်ကျူးကျော်လာတဲ့ တရုတ်စစ်လေယာဉ်ကို ဂျပန်သတိပေးနှင်ထုတ်