ကန်ရှေ့နေချုပ် Jeff Sessions ကို စုံစမ်းရေးအဖွဲ့ ခေါ်ယူစစ်ဆေး

ကန်ရှေ့နေချုပ် Jeff Sessions

၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေနဲ့ သမ္မတ Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ပတ်သက် ဆက်နွယ်မှု ရှိမရှိ စုံစမ်းနေတဲ့ အထူးစစ်ဆေးရေးမှူး Robert Mueller ရဲ့ အဖွဲ့က သမ္မတ Trump အစိုးရအဖွဲ့ထဲက ပထမဆုံးအဖြစ် ရှေ့နေချုပ် Jeff Sessions ကို မေးမြန်းစစ်ဆေးခဲ့ပါတယ်။

ရုရှားအရေး စုံစမ်းစစ်ဆေးနေစဉ် ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ညွှန်ကြားရေးမှူးဟောင်း James Comey ကိုလည်း တာဝန်ထမ်းဆောင်နေစဉ် သမ္မတ Trump နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေကို ရုံးတွင်းမှတ်တမ်းတွေ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ မေးမြန်းစစ်ဆေးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရှေ့နေချုပ်ကို နာရီနဲ့ချီ မေးမြန်းမှုတွေ အတွင်းမှာတော့ ရုရှားအစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မှုတွေ၊ သမ္မတ Trump အနေနဲ့ တရားရေးလုပ်ငန်းတွေကို စွက်ဖက်မှုတွေ ရှိမရှိ စစ်ဆေးခံခဲ့ရတယ်လို့လည်း New York Times သတင်းစာက ဖော်ပြခဲ့တာပါ။ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders ကတော့ အထူးစုံစမ်းစစ်ဆေးရေးမှူး Mueller ရဲ့ စုံစမ်းမှုတွေကို ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပေမဲ့၊ သမ္မတ Trump က မေးမြန်းစစ်ဆေးခံဖို့ လက်ခံ၊ မခံ ဆိုတာကိုတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

သမ္မတ Trump ကတော့ ရုရှားအရေး စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံရေးအရ အောက်လမ်းနည်းနဲ့ တိုက်ခိုက်မှု အဖြစ်နဲ့ ပြောဆိုထားသလို၊ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ပတ်သက်ဆက်နွယ်မှု မရှိခဲ့ကြောင်းလည်း ငြင်းဆန်ထားတာပါ။ စုံစမ်းစစ်ဆေးရေးမှူး Mueller က ရှေ့နေချုပ် Sessions ကိုမေးမြန်းစုံစမ်းတဲ့အပေါ်မှာလည်း စိုးရိမ်စရာမရှိကြောင်း သမ္မတက ပြောဆိုထားပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးမှူးဟာ သမ္မတရဲ့ စည်းရုံးရေးအဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု ရှိမရှိအပြင်၊ စုံစမ်းစစ်ဆေးနေစဉ် သမ္မတက တရားရေး လုပ်ငန်းတွေကို စွက်ဖက်မှု ရှိမရှိ ဆိုတာကိုပါ စုံစမ်းနေတယ်လို့လည်း အများက ယူဆနေကြပါတယ်။

Your browser doesn’t support HTML5

ကန်ရှေ့နေချုပ် Jeff Sessions ကို စုံစမ်းရေးအဖွဲ့ ခေါ်ယူစစ်ဆေး