နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း Jimmy Carter ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ရန်ကုန်-အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။
ဘာသာရေးကိုင်းရှိုင်းသူတဦးဖြစ်တဲ့ သမ္မတဟောင်း Jimmy Carter ဟာ တည်ကြည်ဖြောင့်မတ်မှု၊ သနားကြင်နာမှုနဲ့ မြဲမြံတဲ့ သန္နိဋ္ဌာန်တွေနဲ့ ပြည်သူ့တာဝန်တွေကို ထမ်းရွက်ခဲ့သလို မြန်မာနိုင်ငံအတွက် လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေနဲ့ ပဋိပက္ခဖြေရှင်းရေးတို့ကို ရှေးရှုဆောင်ရွက်ပေးခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Jimmy Carter ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပါဝင်ကူညီခဲ့တဲ့ ကမ္ဘာအနှံ့က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အထင်ကရဩဇာကြီးသူတွေပါဝင်တဲ့ The Elders အဖွဲ့မှာ ပါဝင်သူတဦးလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလနဲ့ စက်တင်ဘာလတွေမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာလည်း သမ္မတကာတာရဲ့ Carter စင်တာဟာ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေပေါ်လာဖို့ဆိုရင် အိမ်နီးချင်း တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကို ဖိအားပေးဖို့ လိုမယ်ဆိုတာကို ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter က ၂၀၀၇ ခုနှစ် VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ဖူးပါတယ်။
၂၀၀၀ ခုနှစ်တွေအတွင်း အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖမ်းဆီးမှု အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စစ်အစိုးရကို သမ္မတဟောင်း Jimmy Carter က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း နဝတ ခေတ် မြန်မာစစ် အစိုးရက လူငါးဦးပါဝင်တဲ့အဖွဲ့တဖွဲ့ကို Carter ဖေါင်ဒေးရှင်းကို စေလွှတ်ပြီး ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့ဖူးပါတယ်။
သမ္မတဟောင်း Jimmy Carter အတွက် နိုင်ငံတော်ဈာပန အခမ်းအနားတွေကို မြို့တော် ဝါရှင်တန် ဒီစီ နဲ့ ဂျော်ဂျီယာပြည်နယ် Atlanta မြို့တွေမှာ ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့ကို တနိုင်ငံလုံး ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကြေညာမှာဖြစ်ကြောင်း သမ္မတ Joe Biden က ပြောထားပါတယ်။
Your browser doesn’t support HTML5