အင်ဂျန်းယန်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာ အရေးပေါ်လိုနေ

ကချင်စစ်ပြေးဒုက္ခသည်စခန်းတခု (မေ ၂၁၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}
မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေအကြားစစ်ရေးတင်းမာဆဲ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ မတ်လလယ်ပိုင်းက ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဘွမ်ရာယန် ယာယီစစ်ရှောင်စခန်း ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ ပိုပြီးအခက်ခဲရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့အကြား မတ်လ(၁၅) ရက်နေ့က ဂွေထောင် စခန်းတိုက်ပွဲအပြီး အင်ဂျားယန်မြို့နယ်က ဂွေထောင်၊ တန်ဘောင်ယန်၊ ပစီဇွပ် နဲ့ ဆနီတူယန် ကျေးရွာသားတွေဟာ မြစ်ကြီးနားမြို့က တွီနတီ ပြည်တွင်းဒုက္ခသည် IDP စခန်းနဲ့ အင်ဂျန်းယန်မြို့နယ်က ဘွမ်ရာယန် စခန်းတွေဘက်ကို တိမ်းရှောင်ရောက်ရှိ နေကြတာပါ။

သူတို့ရောက်နေတာ နှစ်ပတ်ကျော်လာတဲ့အတွက် စားသောက်ရေးမှာအခက်ခဲရှိလာတယ်လို့ မြစ်ကြီးနား မြို့စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ သိက္ခာတော်ရဆရာဦးတီလခေါင်ကအခုလိုပြောပါတယ်။

“အောက်ဘက်ပြေးလာသူတွေကတော့ကျွန်တော်တို့ စစ်ရှောင်စခန်းကိုရောက်နေတယ်။ အဲ(၁၀၀)ကျော်တယ်။ ကျွန်တော်တို့ တွီနတီ IDP Camp မှာလေ။ Camp ဝင်လာတဲ့အခါကျတော့ လုပ်ထားပြီးသားအဆောင်မှာ တခါ တည်း နေရတာပေါ့နော်။ ဒါပေမဲ့စားသောက်ရေးကတော့နဲနဲအခက်ခဲရှိတာပေါ့။ ဘွမ်ရာယန်မှာရောက်နေတာ။ ဘွမ်ရာယန်ကျတော့ ဟိုဘက်အထက်ဘက်တက်သွားတာပေါ့။ ဘွမ်ရာယန်ကျတော့အိမ်ခြေ(၂၀၀)နီးပါး ရှိတယ် လို့ပြောတယ်။ လူကတော့(၄၀၀)ကျော်လောက်တော့ရှိမယ်။ အဲသူတို့တော့စားဝတ်နေရေးက တော်တော်ခက် နေတယ်လို့ပြောတယ်။ နေရာထိုင်းခင်းကအစပေါ့လေနော်။ ရေကအစအခက်ခဲဖြစ်နေတယ်။ အိပ်ယာခြင်ထောင် အဝတ်အစားအစပေါ့။”

ဘွမ်ရာယန်ဒေသဖက်မှာ ဒီနှစ်စပါးစိုက်ခင်းတွေကို ကြွက်တွေက ဖျက်စီးတာကြောင့် စားနပ် ရိက္ခာအခက်ခဲဖြစ်နေချိန်မှာ ဒုက္ခသည်တွေဟာ စစ်ဘေးလွတ်အောင် ပြေးနေကြရတာဖြစ်ပါတယ်။

“ဘွမ်ရာယန်တဝိုက်က အခုတလော။ ဒီနှစ်ပေါ့။ ဒီနှစ်စပါးပေါ်မဲ့အချိန်မှာ ကြွက်တွေကြောင့်မို့သူတို့က စပါးက အရင် နှစ်တွေထက်မရဘူး။ အဲဒီလိုဒုက္ခရောက်နေတဲ့အချိန်ှမှာ အခုဘွမ်ရာယန်မှာ စစ်ရှောင်တွေပြန်ရောက်တဲ့ အချိန်ကျတော့ ခက်တဲ့အထဲမှာပိုပြီး နှစ်ထပ်သုံးထပ်ဖြစ်သွားတာပေါ့။”

တောတွင်းရှာဖွေထားတဲ့သစ်ဝါးတွေနဲ့ဖြစ်သလိုဆောက်လုပ်ထားတဲ့ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးအသုံးဆောင်ပစ္စည်းတွေလဲလိုအပ်နေဆဲလို့ သူက ပြောပါတယ်။

အင်ဂျန်းယန်ဒေသခံတချို့ကတော့ လက်ရှိတောတွင်းခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် အလှူခံနေပြီး စားနပ်ရိက္ခာ ပို့ဆောင်နိုင်အောင်စီစဉ်နေကြပါတယ်။

ဘွမ်ရာယန်စခန်းဟာ KIAထိမ်းချုပ်ရာဒေသမှာရှိနေတဲ့အတွက် KIA ဘက်ကလဲစောင့်ရှောက်နိုင်တယ်လို့ ဒေသခံတဦးက ခန့်မှန်းပါတယ်။

“အခုက KIO ထိမ်းချုပ်နယ်မြေထဲမှာဖြစ်တဲ့အခါကျတော့ KIO မှာ သူတို့ကိုပြုစုစောင့်ရှောက်ဖို့ သူတို့ကော်မီတီရှိ မယ်ထင်တယ်။”

ကချင်ပြည်နယ်မှာ၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက ပြည်သူတွေ နီးစပ်ရာ ဒေသဖက်ကိုထွက်ပြေးတိမ်းရှောင်လာပြီး စစ်ဘေး ရှောင် စခန်းတွေမှာနေထိုင်နေရတာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) 2020 စက်တင်ဘာလအထိ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၉ သောင်းခွဲကျော် ရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

...........................................

Your browser doesn’t support HTML5

အင်ဂျန်းယန်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာ အရေးပေါ်လိုနေ


{{Unicode}}










