ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ နှစ်သစ်ကူးပွဲတော် ဆင်နွဲှ

နိုင်ငံတော်အတိုင်ပင်ခံရုံးက ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ပေးပို့ (Myanmar State Counsellor Office)

ဒီကနေ့ပြာသိုလဆန်း (၁)ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အခါသမယ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တန်းတူအခွင့်အရေး ရရှိဖို့ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဥရောပ အပါအဝင် နိုင်ငံတကာရောက် ကရင်လူမျိုးတွေအနေနဲ့ ဓလေ့ထုံးထမ်းအစဉ်အလာမပျက် နှစ်သစ်ကူးရိုးရာပွဲအခမ်းအနားတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ကရင်ပြက္ခဒိန်အရ ဒီနှစ်ဟာ ၂၇၅၇ ခုနှစ် ကိုကူးပြောင်းတဲ့နှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီခေတ်ကစပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အခု NLD အရပ်သားအစိုးရလက်ထက်အထိ ကရင်နှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ထားတာပါ။ IKO နိုင်ငံတကာကရင်အဖွဲ့အစည်းက ကရင်နှစ်သစ်ကူးအထိမ်းအမှတ်ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကရင်လူမျိုးတို့ရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ဖေါ်ဆောင်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အခုလိုကရင်နှစ်သစ်ကူးအခါသမယ အဝေးရောက် ကရင်တိုင်းရင်းသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အတူ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး ဆန္ဒ အပြည့်အဝရှိနေကြောင်း ဗြိတိန်အခြေစိုက် Karen Community Association UK ဥက္ကဌ စောဝင်းချိုတိုးက VOA ကို ပြောပါတယ်။

"ဒီမှာရှိတဲ့လူအားလုံးက မြန်မာနိုင်ငံကို မမေ့ဘူးပေါ့နော် ၊ အားလုံးက အမြဲတမ်းသတိရတယ်၊ အဆက်အသွယ်ရှိတယ်ပေါ့နော် အဲဒီအခါကျတော့ ဒီငြိမ်းချမ်းရေးလည်း အရမ်းလိုချင်တယ်။ လက်တွေ့ကျတဲ့ငြိမ်းချမ်းရေးပေါ့နော် ပြီးတော့ ဒီဒေသခံတွေကို အကျိုးပြုမယ့် ငြိမ်းချမ်းရေးပေါ့နော် လူအများစုကို အကျိုးပြုမယ့် ငြိမ်းချမ်းရေးကို လိုချင်တယ်။ အဖွဲ့အစည်းတခုအတွက် လူအနည်းစုကိုပဲ အကျိုးပြုမယ့် ငြိမ်းချမ်းရေးမျိုးကိုတော့ ကျနော်တို့မလိုချင်ပါဘူးခင်ဗျ။"

နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ် ကနေ ငြိမ်းချမ်းရေးရဖို့ အတွက် ကြိုးပမ်းနေတဲ့ ကရင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနောက်ကနေ ကရင်လူမျိုးတွေအချင်းချင်း ညီညီညွတ်ညွတ် လိုက်ပါသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် ကရင်လူမှုအဖွဲ့အစည်း ဥက္ကဌ စောနေထူးက ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ KNU ရဲ့ ဦးဆောင်မှုကို ယုံကြည်တယ်လို့ပဲ ကျနော်တို့ကဆိုချင်တယ်။ ကရင်အမျိုးသားတွေ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ နားလည်မှုရှိရှိနဲ့ အတူတကွ သွားကြရင်တော့ ကျနော်တို့က ပိုပြီးတော့ ခရီးကိုရောက်မယ်လို့ ကျနော်တို့မြင်ပါတယ်။"

Minnesota ပြည်နယ်မှာတော့ ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ဇန်နဝါရီလ ၁ ရက်နေ့ ထိ ကျင်းပဖို့ စီစဉ်ထားကြောင်း နဲ့ ဒီပွဲကို ကရင်ခေါင်းဆောင်တချို့ကိုလည်း ဖိတ်ကြားထားကြောင်း စောနေထူးက ပြောပါတယ်။Minnesota ပြည်နယ်မှာ နေထိုင်တဲ့ ကရင်လူမျိုး ပေါင်း ၂ သောင်းနီးပါးရှိပါတယ်။ မြန်မာနိုင်ငံမှာ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ၁၉၃၈ခုနှစ်မှာ စတင်ကျင်းပခဲ့ကြောင်း Karen Community Association UK ဥက္ကဌ စောဝင်းချိုတိုးက ဆိုပါတယ်။

"ကရင်နှစ်သစ်ကူးကတော့ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ ကောက်သစ်စားပွဲမှာ ပွဲတော်လုပ်တဲ့သဘောမျိုးပေါ့နော် ၁၉၃၈ ခုနှစ်မှာ ကရင်နှစ်သစ်ကူးစလုပ်တယ်။ အရင်တုန်းကတော့ ကရင်နှစ်သစ်ကူးတခါမှ မလုပ်ဖူးဘူးပေါ့နော်။ ရက်ကိုသတ်မှတ်တဲ့အခါကျတော့ ကောက်သစ်စားပွဲနဲ့ နီးစပ်တဲ့ ပြာသိုလ ၁ ရက်ပေါ့နော် အဲဒါကို သတ်မှတ်တာဖြစ်ပါတယ်ခင်ဗျ။ ကရင်လမှာပါ။ "

ဗြိတိန်နိုင်ငံမှာတော့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၆)ရက်နေ့မှာ ရိုးရာမပျက်ကျင်းပဖို့ စီစဉ်ထားကြောင်း စောဝင်းချိုတိုးက ပြောပါတယ်။

"ကျနော်တို့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဗြိတိန်မှာကျင်းပမယ်ပေါ့နော် Sheffield မြို့မှာ ကျင်းပမှာဖြစ်တယ်။ ဒီမှာရှိတဲ့ ကရင်အသိုင်းအဝိုင်းပေါ့နော် စုစုစည်းစည်း နဲ့ ဒီမှာလာပြီးတော့ တနှစ်တခါ ကျနော်တို့ တွေ့ကြတယ်။ ဒီမှာ အစားအသောက်တွေ အကတွေပေါ့နော် နောက်ပြီး ဧည့်သည် တွေလည်းအများကြီးလာပါတယ်။ လူဦးရေ ၄၀၀ နဲ့ ၅၀၀ ကြားလာပါတယ်ခင်ဗျ။"

မြန်မာလဖြစ်တဲ့ ပြာသိုလဆန်း (၁)ရက်နေ့ဟာ ကရင်ပြက္ခဒိန်အရ ပထမဆုံးလဖြစ်ပြီး စကောကရင်တွေက သလေ လို့ခေါ်ဝေါ်ပြီး ပိုးကရင်တွေကတော့ ထိုက်ကောင်ပို လို့သတ်မှတ်ခဲ့ပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်မှာ အဓိကအရေးပါတဲ့ ရိုးရာဖျော်ဖြေပွဲတွေကတော့ ဖါးစည်တီးတာ၊ ဝါးညှပ်အက၊ ဒုံးယိမ်းအကတွေဖြစ်ပြီး ကရင်ရိုးရာအဝတ်တွေကို ခေတ်နဲ့အညီတီထွင်ချုပ်လုပ်ထားတဲ့ဖက်ရှင်ပြိုင်ပွဲ၊ စကားရည်လုပွဲစတာတွေလည်း ပါဝင်ပါတယ်။ ပြည်ပရောက်ကရင်လူမျိုးတွေအနေနဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ဓလေ့ထုံးထမ်းအစဉ်အလာမပျက်ကျင်းပကြတာဟာ ရေမြေခြားမှာ ကြီးပြင်းလာတဲ့ ကရင်မျိုးဆက်သစ်လူငယ်တွေကို ရိုးရာအမွေအနှစ်ထိမ်းသိမ်းနိုင်ဖို့ဖြစ်တယ်လို့ ကရင်ခေါင်းဆောင်တွေကပြောဆိုပါတယ်။

Your browser doesn’t support HTML5

ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ နှစ်သစ်ကူးပွဲတော် ဆင်နွဲ