စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်စေဖို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖိအားပေးသွားမည် (ဖဒိုစောကွယ်ထူး၀င်း)

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူး၀င်း ယခင်မှတ်တမ်းဓာတ်ပုံ။ (Photo: KNU FB)

လက်နက်ကိုင် တော်လှန်ရေးနဲ့သာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်စေမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူး၀င်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့လာတဲ့ သူ့ရဲ့မိန့်ခွန်းမှာ ဒီပြောဆိုချက်ကို ထည့်သွင်း ဖေါ်ပြထားတာဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ်ပေါ်ပေါက်ရေး အတွက် ၁၉၄၉ခုနှစ်ကစတင်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ် ကြာလာပြီဖြစ်တဲ့ ကရင့်တော်လှန်ရေးအောင်မြင်ဖို့ ကရင်လူမျိုးတွေကြား ညီညွတ်ကြဖို့ လည်း ဖဒိုစောကွယ်ထူး၀င်းက တိုက်တွန်းသွားပါတယ်။

ဒါ့ပြင် စစ်တပ်ဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအားလုံးလွတ်မြောက်ရေး KNU အနေနဲ့ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဇင်ဘာလ (၃၀) ရက်နေ့ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွအပါအ၀င် ဖားအံနဲ့ ရန်ကုန်မြို့တွေမှာ ကရင်ရိုးရာ အခမ်းအနားတွေကို စည်းစည်းကားကားကျင်းပခဲ့ကြပါတယ်။ အလားတူ ထိုင်းအပါအ၀င် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ ကရင်လူမျိုးတွေကလည်း နှစ်သစ်ကူး အထိမ်းအမှတ် ရိုးရာပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာလည်း ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူး အခါသမယအဖြစ် ကရင်လူမျိုးတွေရဲ့ ယဥ်ကျေးမှု အစဥ်အလာကို ဂုဏ်ပြုကြောင်း ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်စေဖို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖိအားပေးသွားမည် (ဖဒိုစောကွယ်ထူး၀င်း)