စစ်ရေးပြင်းထန်နေဆဲ ရေဘေးသင့်ကရင်နီဒေသ စပါးခင်း ဧကခုနှစ်ထောင်ကျော် ပြန်စိုက်ဖို့ ခက်ခဲနေ

ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ စပါးတွေကို ရိတ်ပြီးလှေနဲ့သယ်လာတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

ကရင်နီဒေသမှာ ရေဘေးသင့်လို့ ရေမြှုပ်ပျက်စီးသွားတဲ့ စပါးစိုက်ခင်း လယ်ဧက ၇၀၀၀ကျော်အတွက် မျိုးစေ့အခက်အခဲနဲ့ ငွေကြေးအခက်အခဲ ဖြစ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေပါပြင်းထန်နေဆဲ ကရင်နီဒေသ စစ်ရှောင်နဲ့ဒေသခံတွေအတွက် လာမယ့်နှစ် စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ဆိုက်ရောက်နေပါတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့လက ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းရာဂီမုန်တိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ကယားပြည်နယ် (ကရင်နီ)ဒေသတဝိုက်က မြို့နယ် ၇ခု နဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ရွာသူရွာသားအပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတာပါ။ အဲ့ဒီ့ရေဘေးဒဏ်ကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ ခိုလှုံနေထိုင်ရာ ကျေးရွာတွေ ရေလွှမ်းမိုးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီး သိုလှောင်ထားတဲ့ ရိက္ခာတချို့ ရေထဲမျောပါသွားတာ၊ တပိုင်တနိုင် စိုက်ထားတဲ့ စပါးခင်းတွေ ရေအောက်ရောက်လို့ ပျက်စီးကုန်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုလို ရေလွှမ်းမိုးဒဏ်ခံလိုက်ရပြီး စပါးခင်းတွေ ပြန်စိုက်ပျိုးနိုင်ရေး အခက်ခဲကြုံနေကြရတာကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံတွေနဲ့ စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင်ပြီး လာမယ့်နှစ် ဆန်စပါးပြတ်လပ်မယ့် အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ခုလို ပြောပါတယ်။

“ စိန်ခေါ်မှု ပိုပိုတိုးလာတယ်ပေါ့နော် ပြည်နယ်ထဲမှာ စိုက်ပျိုးနေတဲ့ ပမာဏကလည်း အကန့်အသတ်ရှိတယ်။ အဲ့ဒီထဲက ရေထပ်မြှုပ်တော့ ကျနော်တို့ အထွက်နှုန်း ကျသွားနိုင်တယ်။ အဲ့ဒီကျလိုက်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ စားနပ်ရိက္ခာ နံပါတ်(၁) အချက် ဆန်စပါးဈေးနှုန်းပေါ့နော် အတော်လေးကို မြင့်တက်သွားနိုင်တယ်၊ ကျနော်တို့ စားနပ်ရိက္ခာမှာ ကျနော်တို့ စိုးရိတ်စရာတွေ ပိုတိုးတာပေါ့နော်၊ စားနပ်ရိက္ခာ ပြတ်လပ်သွားနိုင်တဲ့ အထူးသဖြင့် ဆန်စပါးပေါ့နော် ပြတ်လပ်သွားနိုင်တဲ့ အခြေအနေကို ဒီနှစ်ကုန်ပိုင်း အထူးသဖြင့် နောက်နှစ် ဒီပြသနာတွေကို ကျနော်တို့ ကြုံရနိုင်ခြေရှိတယ်ဆိုပြီးတော့မှ အကြမ်းဖျင်းခန့်မှန်းထားတာရှိပါတယ်။”

ရေကြီးနစ်မြှုပ်လို့ ပျက်စီးသွားတဲ့ လယ်ယာစိုက်ပျိုးရေးခြံမြေတွေ နဲ့ စပါးခင်းတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ငွေကြေး အခက်အခဲ၊ မျိုးစေ့အခက်အခဲ ဖြစ်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ လောလောဆယ်အခက်အခဲ ကြုံနေသေးတယ်ပေါ့နော်။ သွင်းအားစုတွေပေါ့နော် လယ်ယာစိုက်ပျိုးတာဖြစ်စေ၊ ကျနော်တို့ ဆောင်းသီးနှံစိုက်ပျိုးတာ၊ တချို့ မျိုးကောင်းမျိုးသန့်တွေ မျိုးစေ့ကိစ္စတွေ ရှိမယ်။ နောက်ပြီးတော့မှ သဘာဝမြေသြဇာဖြစ်စေ၊ ဓာတ်မြေသြဇာဖြစ်စေ၊ အဲ့ဒါလိုအပ်တယ်။ နောက်ပြီးတော့မှ အဲ့ဒီအတွက် ကျနော်တို့ ထွန်ရက်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ဆီပေါ့နော် မဟုတ်ရင် ဒီဇင်ဆီပေါ့နော်၊ ကျနော်တို့ အဲ့ဒီမှာ အခက်အခဲရှိနေသေးတယ်ပေါ့နော်။ တချို့ငွေကြေးအရ လိုအပ်ချက်တွေ နောက်အသီးနှံမျိုးစေ့တွေ ကတော့ အခုတော့ စိန်ခေါ်မှုတော့ ရှိနေတယ်ပေါ့။”

မိုးများရေကြီးပြီး ရေအောက်ရောက်သွားလို့ ပျက်စီးသွားတဲ့ စပါးခင်း ဧက ၇၀၀၀ ကျော်ရှိတယ်လို့ အောက်တိုဘာလ ၁ရက်တုန်းက IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာ က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ပျက်စီးသွားတဲ့ လယ်ဧက၊ ဒီရေလွှမ်းမိုးမှုခံရတဲ့ လယ်ဧကကတော့ ဧက ၇၀၀၀ ကျော်ရှိလာပြီးပေါ့လေနော်။ လွိုင်ကော်၊ ဖယ်ခုံနဲ့ ဒီ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲတကျောပေါ့လေနော်။ အဲ့ဒီလယ်တွေက အကုန်လုံးရေမြှုပ်ကုန်ပြီးပေါ့လေနော်၊ ပြန်လည်ယူလို့မရတဲ့ဟာမျိုးတွေ ဖြစ်ကုန်ပြီးပေါ့လေနော်။”

ကရင်နီဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ ဒုတိယသီတင်းပတ်က စပြီး ရက် ပေါင်း ၂၀ ကျော်ကြာ ရေကြီးမြှုပ်မှုဒဏ်ခံခဲ့ရပြီး အခုချိန်ထိ တချို့ ကျေးရွာနဲ့ စစ်ရှောင်စခန်း နေအိမ်တွေ နေထိုင်လို့ မရသေးပါဘူး။ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကရင်နီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသဟာ နေရာတိုင်းမှာ လယ်ယာတွေ စိုက်ပျိုးနိုင်တဲ့ အခြေအနေမရှိပါဘူး။ နယ်မြေတည်ငြိမ်တဲ့ ကျေးရွာလောက်သာ ရေရှည်စားနပ်ရိက္ခာအတွက် တပိုင်တနိုင် မိုးစပါးနဲ့ ဆောင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။

ရေဘေးရိုက်ခတ်မှုဒဏ်ကြောင့် လာမယ့်နှစ်မှာ ဆန်စပါးဈေးနှုန်း မြင့်တက်မှုအခြေအနေ ကြုံတွေ့လာနိုင်ပြီး ဒေသခံတွေဟာ အကျပ်အတည်း ပိုမိုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အခုလို ရေဘေးကြောင့် ဒုက္ခရောက်ခဲ့တဲ့ ဒေသခံတွေကို လယ်ယာစိုက်ပျိုးရေးအပါအဝင်ပြန်လည်ထူထောင်ရေး ကူညီထောက်ပံ့မှုအခြေအနေနဲ့ ပတ်သက်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။