ကော့သောင်းခရိုင်တွင်း အပူပိုင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်

ကော့သောင်းခရိုင်တွင်း အပူပိုင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်

ကော့သောင်းခရိုင်အတွင်း အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk) ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ အန္တရာယ်မရှိဘူးလို့ မဆိုနိုင်ပေမယ့်လည်း အစိုးရိမ် သိပ်မကြီးကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပေမယ့် ကိုကိုးကျွန်းဘက်က သင်္ဘောတွေ၊ ရေနံစင်နဲ့ လူတွေတော့ သတိထားသင့်တယ် လို့ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။

ကော့သောင်းဒေသဟာ မုန်တိုင်းဖြတ်သွားမယ့် လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတာကြောင့် ပြောင်းလဲလာမယ့် ရာသီဥတု အခြေအနေနဲ့ပတ်သတ်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ကျော်မိုးဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီမုန်တိုင်းကြောင့် တနင်္သာရီဒေသကြီး၊ ရန်ကုန်တိုင်း၊ ကရင်၊ မွန်ပြည်နယ်ဒေသတွေမှာတော့နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိူးရွာနိုင်တယ်။ နောက်မကွေးတိုင်းနေပြည်တော်၊ မန္တလေးတိုင်း ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီး ရှမ်းပြည်နယ် ရခိုင်ပြည်နယ် နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာမယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေပြင်လေပြင်က လှိုင်းကြီးလာနိုင်တယ်။ "

မုန်တိုင်းရဲ့ အကျိုးဆက်ကြောင့် အအေးပေါ့လာနိုင်တယ်လို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ပါဘက် (Pabuk)အပူပိုင်းမုန်တိုင်းအပေါ် စိုးရိမ်စိတ် မပြင်းထန်ကြဖို့နဲ့ အဓိကအနေနဲ့ ကမ်းနီးကမ်းဝေး ပင်လယ်ပြင်မှာ အလုပ်လုပ်နေကြသူတွေ သတိထားဖို့ တိုက်တွန်းသွားပါတယ်။

“မုန်တိုင်းကတော့ ပေါ့်တော့မပေ့ါသင့်ဖူးပေါ့နော်။ ဒါပေမယ့်သိပ်တော့လည်းအားအကောင်းကြီးမဟုတ်ပါဘူး။ အပူပိုင်းမုန်တိုင်း အမည်တပ်မုန်တိုင်းတခုဖြစ်တယ်။ အမည်တပ်မုန်တိုင်းတခုဖြစ်လို့ တနာရီမိုင် ၅၀မိုင် ၅၀ကျော် လောက်တော့ တိုက်တယ်။ အန္တရာယ်မရှိဘူးမဟုတ်ဘူးရှိတယ်။ အထိုက်အလျောက်ဘဲ သိပ်အဆိုးကြီးတော့မ ဟုတ်ပါဘူး။ တခုရှိတာကတော့ လေ အနောက်မြောက်ဘက်တက်သွားတော့ ကိုကိုးကျွန်းဘက်ကို ရောက်လာနိုင်တော့ သင်္ဘောတွေ ရေနံစင်တွေရှိတော့ အဲ့ဘက်က လူတွေသတိထားသင့်တယ်။ တိုက်ရိုက် Effect ကတော့ မိုးရွာမှာပေါ့။ အဲဒါကတော့ နည်းနည်းသတိထားဖို့လိုတယ်လေ။. ဒီမိုးကအချိန်အခါ မဟုတ်ရွာတဲ့ မိုးဖြစ်တယ်။ သီးနှံစိုက်သူတွေအတွက် ဖျက်မိုးလည်းဖြစ်တယ်။ "

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) ဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ရဲ့ အရှေ့တောင်ဘက် ၂၉၅ မိုင်ခန့်၊ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက်မိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလဌာနက ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းတွေကို အပန်းဖြေ အလည်အပတ်ခရီး ပို့ဆောင်ပေးနေတဲ့ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ဒီရက်ပိုင်းအတွင်း လုပ်ငန်းတွေ ရပ်နားထားကြဖို့နဲ့ရေလုပ်သားတွေ ပင်လယ်ပြင်ကို မထွက်ကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။

အမည်မဖော်လိုတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန တာဝန်ရှိသူတဦးကတော့ မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်လို့ အသိပညာပေးတာတွေ လုပ်ထားပြီး ဖြစ်လာတဲ့အခါ ရှောင်ရန် ဆောင်ရန်တွေကို ပြောထားသလို မုန်တိုင်း အန္တရာယ် အရေးပေါ် ခိုလှုံရာ နေရာတခုကို ဘုတ်တလုတ်ကျွန်းမှာ ပြင်ဆင်ထားတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

Your browser doesn’t support HTML5

ကော့သောင်းခရိုင်တွင်း အပူပိုင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်