(Zawgyi / Unicode)
ဆူပူမှုတွေကြောင့် လူ ၅,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ကာဇက်စတန် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။
စစ်ဆေးနေတဲ့အမှု ၁၂၅ မှုအတွက် လူ စုစုပေါင်း ၅,၁၃၅ ဦးကို ဖမ်းထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဆိုကြတာပါ။
စွမ်းအင် သယံဇာတ ကြွယ်ဝပြီး လူဦးရေ ၁၉ သန်းဝန်းကျင်ရှိတဲ့ ကာဇက်စတန်နိုင်ငံမှာ ဆန္ဒပြ ဆူပူမှုဖြစ်နေတာ တပတ်လောက်ရှိနေပြီး ဒါဇင်နဲ့ချီ လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။
လောင်စာဆီဈေးနှုန်း တက်သွားတာကြောင့် အနောက်ဘက်ပိုင်း ဒေသတွေမှာ မငြိမ်မသက်မှုတွေ စဖြစ်လာခဲ့ပြီး မြို့ကြီးတွေကို ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေး အချက်အချာ Almaty မြို့မှာတော့ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး ရဲက ပစ်ခတ်ခဲ့ပါတယ်။ ကနဦး ခန့်မှန်းချက်အရ စုစုပေါင်း အပျက်အစီး ယူရို ၁၇၅ သန်း (အမေရိကန်ဒေါ်လာ ၁၉၈ သန်း) ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော် အတိုက်ခိုက် အလုယက်ခံခဲ့ရပြီး ယာဉ်အစီးပေါင်း ၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
တိုင်းပြည်တဝန်းမှာ ဒီကနေ့တော့ ငြိမ်သက်သွားပြီလို့ ပြည်ထဲရေးဝန်ကြီး Erlan Turgumbayev က ဆိုပါတယ်။ Almaty မြို့မှာလည်း နှိုင်းယှဉ်မှုအရ ငြိမ်သွားပြီး မြို့လယ်နေရာကို လူတွေ ကပ်မလာအောင် ရဲက တခါတရံမှာ မိုးပေါ် သေနတ်ထောင်ပစ်နေတယ်လို့ အေအက်ဖ်ပီ သတင်းဌာနက စနေနေ့က ပြောပါတယ်။
Your browser doesn’t support HTML5
ကာဇက်စတန် ဆူပူမှု လူ ၅,၀၀၀ ကျော် ဖမ်းဆီးထား
----------------------
(Unicode)