ခင်ဦးမြို့နယ်ကျေးရွာတချို့  စစ်ကောင်စီလေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်နေတယ်လို့ သိရပါယ်။ တချိန်တည်းမှာ ဒေသတွင်း ကုန်စည် စီးဆင်းမှုတွေကို စစ်ကောင်စီဘက်ကပိတ်ဆို့ထားတာကြောင့် လောင်စာဆီနဲ့ ကုန်စည်ရှားပါးမှု ကိုလည်း ကြုံနေရတယ်လို့ဆိုပါတယ်။ ခင်ဦးမြို့နယ်တွင်းအခြေအနေ ရန်ကုန်ဘက်က သတင်းပေး ပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက မုံလှကျေးရွာကို သြဂုတ် ၂၅ ရက်က စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်း မတိုက်ခိုက်ခင် အဝေးထိန်း ကင်းထောက်ဒရုန်းတွေနဲ့ထောက်လှမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် လူထိခိုက်တာမရှိပေမယ့်နေအိမ် အချို့ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း တိမ်းရှောင်ရတယ်လို့ မုံလှကျေးရွာသားတဦးက အခုလိုပြောပါတယ်။

"နေ့ပိုင်း ၁၀ နာရီခွဲကနေ ၁၁ နာရီထိ နမခ ကနေ ကင်းထောက်ဒရုန်းတွေလာတယ်။ ၁ နာရီခွဲလောက် ကြာတယ်။ (ည) ၇နာရီ ၅၅ ကနေ စပစ်တာ။ ပထမတဆင့်က ကြဲတယ်။ ဒုတိယတဆင့်က ပေါင် ၅၀၀ ၂ လုံးချတာ။ အသားလွတ်ကိုပစ်တာ။ ရွာထဲက အိမ် ၃ အိမ်ထိတယ်။ တအိမ်က ဆိုးဆိုးရွားရွား ဖြစ်တာပေါ့။ အိမ် ၂ အိမ်ရယ် စုစုပေါင်း ရွာထဲက အိမ် ၃အိမ်ပေါ့။ ဓာတ်ကြိုးတွေ မီးတိုင်တွေတော့ ပြတ်ကျသွားတယ်။ (ရွာထဲ) လူငယ်လေးတွေတော့ နေတယ်။ အသက်ကြီးတဲ့သူတွေကိုတော့ ကျနော်တို့က အပြင်ထုတ်ထားတာပေါ့။"

မုံလှရွာဒေသခံတွေကတော့ နောက်ထပ်လေကြောင်းတိုက်ခိုက်လာမှာကို စိုးရိမ်နေပြီး ဘေးလွတ်ရာ တိမ်းရှောင်နေတာလို့ဆိုပါတယ်။ ဒါ့အပြင် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် ကျောက်မြောင်းကျေးရွာ လမ်းခွဲက ကိုးပင်ဂိတ်ကနေကုန်ပစ္စည်းသယ်ယူပို့ဆောင်တာကို စစ်တပ်ဘက်က ပိတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်တဲ့ဒဏ်ကိုဒေသခံစစ်ဘေးရှောင်တွေ ကြုံတွေ့နေရတယ်လို့ ခင်ဦး‌ဒေသခံတဦးက ပြောပါတယ်။

"စစ်ကောင်စီပိတ်ထားတဲ့လမ်းဆိုရင် ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းကလည်း ပိတ်ထားတယ်။ ရွှေဘို-မြစ်ကြီးနားလမ်း၊ ရွှေဘိုကနေ ခင်ဦးကိုဝင်တဲ့လမ်းကိုလည်း ပိတ်ထားတယ်။ ခင်ဦးဆိုရင် လုံးဝကို ဝင်လို့မရဘူး။ ခင်ဦးမြို့ဆိုရင်ကားပြန်လှည့်တဲ့။ အဲ့လိုဖြစ်နေတာ။ ဆီတပိသာကို ၂ သောင်းကျော်သွားပြီ။ စားသုံဆီဈေးတက်တယ်။ ဓာတ်ဆီဈေးတက်တယ်။ ရေနံဆီဈေးတက်တယ်။ ဓာတ်ဆီဆိုရင်အခု တဂါလံကို ပန့်ဆိုင်တွေဆို ၂၆,၀၀၀။ အပြင်မှာဆို ၃ သောင်းကျော်တယ်။ အဲ့လိုတွေ ခက်ခဲနေတာပေါ့။ ဒီရက်ပိုင်းတော့ ကောက်စိုက် ပျိုးနှုတ်လေးတွေရှိတယ်။ နောက်တပတ်လောက်တော့ အလုပ်ဖြစ်သေးတယ်။ ဟိုဘက်ဆိုရင်တော့ အလုပ်မဖြစ်တော့ဘူး။ ရှိတာလေးစားကြပေါ့။ ရှိတဲ့သူကစားကြပေါ့။ မရှိတဲ့သူက ငတ်ကြပေါ့။ ဆန်ပြုတ် ပြုတ်သောက်ရတာပေါ့။"

ခင်ဦးမြို့ပေါ်မှာ စစ်တပ်က လုံခြုံရေးပိုပြီးတင်းကြပ်ထားပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။စစ်တပ် တပ်စွဲထားတဲ့ နေရာ ၃ ခုမှာ အခိုင်အမာ ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်ဆင်တာတွေ လုပ်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ခင်ဦးမြို့နယ်ကျေးရွာတချို့  စစ်ကောင်စီလေကြောင်းတိုက်ခိုက်