ချီဖွေမြို့နယ် နယ်ခြားစောင့်တပ် KIA သိမ်းယူ

နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို KIA သိမ်းပိုက်ခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)

ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေမြို့နယ်က နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို ဒီကနေ့ ညနေပိုင်းမှာ သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံက အတည်ပြုပါတယ်။ ဒီတပ်စခန်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဋ္ဌ ဦးဇခုန်တိန်ယိန်း အခြေစိုက်ရာ ပန်ဝါ ဒေသရဲ့ အဓိက လုံခြုံရေးတပ်ရင်းလည်း ဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေနဲ့ ဆော့လော်ဒေသတွေကို စက်တင်ဘာလ ၂၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တာပါ။

စက်တင်ဘာ ၃၀ ရက်နေ့မှာ ချီဖွေမြို့ကို သိမ်းယူခဲ့သလို အောက်တိုဘာလ ၂ ရက်နေ့မှာတော့ ဆော့လော်မြို့ကို သိမ်းယူပြီး ချီဖွေနဲ့ ပန်ဝါကြားက စစ်ကောင်စီရဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် စခန်းတွေကို ဆက်လိုက် တိုက်ခိုက်ခဲ့ပါတယ်။

ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာ လုပီရှိ နယ်ခြားစောင့်အမှတ် ၁၀၀၂ တပ်စခန်းကိုတော့ KIA ပူးပေါင်းတပ်တွေက ဒီ လ ၁၄ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ပြီး ၁၅ ရက်နေ့ ညနေပိုင်းမှာတော့ သိမ်းယူနိုင်ပြီ ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA အတည်ပြု ပြောပါတယ်။

“ဒီနေ့ ညနေပိုင်းလို့ ပြောရမှာပေါ့။ ၁၂နာရီနဲ့ မိနစ် ၄၀ကျော် အချိန်မှာ အဲဒီ လုပီ ၁၀၀၂ တပ်ရင်းဌာနချုပ်ကို သိမ်းလိုက်ပြီ။ ကျနော်တို့ KIA တပ်ပေါင်းစုတွေ အားလုံးရှင်းလိုက်ပြီ။ မှန်ပါတယ်။”

နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ကို KIA သိမ်းပိုက်ခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)

နယ်ခြားစောင့်အမှတ် ၁၀၀၂ ဟာ ပန်ဝါမြို့နဲ့ ၁၀မိုင်လောက် အကွာမှာ ရှိပြီး ပန်ဝါမြို့လုံခြုံရေးအတွက် အရေးပါတဲ့ တပ်စခန်းဖြစ်ကြောင်းလည်း ပြောပါတယ်။

“ အဲဒီ လုပီ ကနေ ပန်ဝါကတော့ ၁၀မိုင်လောက်တော့ ဝေးတယ်လို့ ပြောတယ်။ အဲဒါကြောင့် အဓိက ကတော့ အဲဒီ ပန်ဝါမြို့ရဲ့ လုံခြုံရေး အဓိကယူထားတဲ့ တပ်စခန်းကြီး တခုဖြစ်တယ်တဲ့။ အဓိကကတော့ အဲဒါပါပဲ။”

ချီဖွေမြို့နယ်က ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ − ၁ ဖီမော်ဒေသမှာ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁၊ ပန်ဝါဒေသမှာ နယ်ခြားစောင့်တပ် ၁၀၀၂နဲ့ ကန်ပိုက်တီဒေသမှာ နယ်ခြားစောင်တပ် ၁၀၀၃ တို့ တည်ရှိတာပါ။

လက်ရှိ နယ်ခြားစောင့်တပ် ၁၀၀၂ ကို သိမ်းယူခဲ့ပေမဲ ကျန် ၁၀၀၁ နဲ့ ၁၀၀၃ နယ်မြေ အခြေအနေကိုတော့ ထူးခြားတဲ့ သတင်းတက်လာတော မရှိ သေးကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။ ပန်ဝါနယ်မြေဟာ မြေရှားသတ္တု ထွက်ရှိပြီး စီးပွားရေးအရ အရေးပါတဲ့ ဒေသလည်း ဖြစ်ပါတယ်။