မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဒုတိယအကြိမ်တွေ့မည်ဟု သမ္မတ Trump ပြော

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့ စင်္ကာပူမှာ ပထမဆုံးအကြိမ်တွေ့ဆုံ။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီယား ကင်းစင်ရေးဆိုင်ရာ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် အမေရိကန် သမ္မတ Donald Trump နဲ့ မကြာခင်အချိန်တွေအတွင်း ထပ်မံတွေ့ဆုံလိုတဲ့ ဆန္ဒရှိတယ် ဆိုတဲ့ သတင်းစကားကို တောင်ကိုရီးယားသမ္မတ Moon Jae-in က တနင်္လာနေ့ သမ္မတ Trump နဲ့တွေ့ဆုံစဉ်မှာ ကိုယ်တိုင်ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Moon က သမ္မတ Trump တဦးတည်း သာလျင် ဒီပြဿနာကို တကယ်ပြေလည်အောင် ဖြေရှင်းနိုင်မယ့်သူ ဖြစ်ကြောင်း သမ္မတ Trump ကို ပြောကြားခဲ့တာပါ။

အမေရိကန်သမ္မတ Trump ကတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို မကြာခင်ကာလအတွင်း ကျင်းပမှာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန် ဖြကြားခဲ့ပါတယ်။ ဒါပေမယ့် တွေ့ဆုံမယ့်နေရာကို သတ်မှတ်ရအုံးမှာ ဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့က ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့ စင်္ကာပူနိုင်ငံတော့ ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောပါတယ်။

ဆက်ဆံရေးဟာ သိပ်ကောင်းနေပြီး ထူးထူးခြားခြား ကောင်းမွန်တယ်လို့လည်း ပြောလို့ရတယ်လို့ သမ္မတ Trump ကပြောပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သံတမန် ဆက်ဆံရေး ဘယ်တုန်းကမှ မထူထောင်ခဲ့ဘူးသလို မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီယား လက်နက်စွန့်လွှတ်ရေး လုပ်ဆောင်ဖို့ ခိုင်မာတဲ့ ခြေလှမ်းတွေ တကယ်လှမ်းလာမယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။

သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ တကယ်ဖြစ်လာမယ်လို့ သူယုံကြည်သလို ဒီဆွေးနွေးပွဲကနေ ကြီးမားတဲ့ရလဒ် ရလာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္လာနေ့ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ သူကိုယ်တိုင်လည်း ဒီနှစ်မကုန်ခင် မြောက်ကိုရီးယားကို သွားရောက်ဖို့ မျှော်လင့်ထားကြောင်းလည်း ဝန်ကြီး Pompeo ကပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဒုတိယအကြိမ်တွေ့မည်ဟု သမ္မတ Trump ပြော