ဖာပွန် ခေါပုတ်တိုက်ပွဲက လွတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကရင်ပူးပေါင်းတပ်ဖမ်းဆီး

KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားများ (နိုဝင်ဘာ ၅၊ ၂၀၂၄)

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မြန်မာစစ်ကောင်စီတပ်ဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA/PDF ပူပေါင်းတပ်တွေက အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၇ ဦးဖမ်းမိတယ်လို့ KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မြန်မာစစ်ကောင်စီတပ်ဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA/PDF ပူပေါင်းတပ်တွေက အောက်တိုဘာလ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စခန်းစွန့်ခွါ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား လိုက်လံရှင်းလင်းပြီးနောက် အရာရှိ ၃ ဦး အပါအဝင် တပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ပူးပေါင်းတပ်ဘက်က ပြောပါတယ်။

“ကျနော်သိသလောက်ကတော့ ခေါပုတ်စခန်းမှာမိတာ မဟုတ်ဘူး လိုက်ဖမ်းရင်းနဲ့မိတာပါ။ နယ်မြေရှင်းလင်းရေးလုပ်ချိန် စခန်းသိမ်းတိုက်ပွဲပြီးတဲ့အချိန်မှာ ရတယ်လို့သိရပါတယ်။ ကျနော်သိသလောက်ကတော့ ၁၇ယောက်ရှိတယ်လို့သိရပါတယ်။”

အောက်တိုဘာ ၂၈ ရက်က KNLA/PDF ပူးပေါင်းတပ်တွေက ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ခေါပုတ်တပ်စခန်းကို သိမ်းပိုက်ခဲ့ရာ ထွက်ပြေးသွားတဲ့သူတွေထဲက ခမရ(၃၄၀)၊ ခမရ(၃၄၁)၊ ခလရ(၁၉) တပ်တွေက တပ်ခွဲမှူးသုံးဦး အပါအဝင်တပ်သား ၁၇ ဦး ကိုပြန်လည်ဖမ်းမိခဲ့တာပါ။

အခုလို စစ်ကောင်စီတပ်သားတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး၊ အခုဆိုရင် ဖမ်းမိတဲ့စစ်ကောင်စီအရာရှိတွေနဲ့ တပ်သားတွေကိုတော့ စစ်သုံ့ပန်း ဥပဒေအရ ပဲ ကောင်းမွန်စွာ ထားတယ်လို့လည်း ပြောပါတယ်။

“သိသလောက်ကတော့ ကေအန်ယူအနေနဲ့ ကေအန်ယူရဲ့စစ်သုံပန့် ဥပဒေနဲ့ပဲထိမ်းသိမ်းထားတာပေါ့ နော်”

ခေါပုတ်တပ်စခန်းဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော် ၁၉၉၂ ခုနှစ်ကတည်းက တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး ဒီစခန်းဟာ ဖာပွန်ဗျူဟာအတွက် အရေးပါတဲ့စခန်းလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီအတွက် အရေးပါတဲ့ ဖာပွန်ဗျူဟာသာကျန်တော့တယ်လို့လည်း ပြောပြပါတယ်။

“ဖာပွန်ဗျူဟာမှာဆိုရင် အရေးပါတဲ့ စခန်းတခုဖြစ်တယ် ဖာပွန်ဗျူဟာတော့ကျန်သေးတယ် ဆိုတာ ဖာပွန်မြို့သိမ်းတိုက်ပွဲမှာ ဖာပွန်ဗျူဟာတော့ကျန်သေးတယ်။ ဖာပွန်မြို့ကိုတော့ ထိန်းချုပ်နိုင်တဲ့အခြေအနေရှိတယ်၊ ခေါပုတ်ကတော့ တက်နိုင်တဲ့အခြေအနေရှိတယ်၊ တချို့တွေက ခေါပုတ်ကို သွားပေါင်းပြီးဆုတ်ခွာရတာရှိတယ်။ အဓိကတော့ ဖာပွန်ကို စစ်ကူပေးဖို့အတွက် စခန်းဖြစ်တဲ့ ခေါပုတ်ကိုဖြတ်တောက်လိုက်တာကတော့ ဖာပွန်အတွက် အရေးပါတဲ့ စခန်းကို သိမ်းပိုက်လိုက်နိုင်ခြင်းလို့ မှတ်ယူလို့ရပါတယ်။”

ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီး မျိုးစုံ ၁၅ လက်အပါအဝင် လက်နက် ၂၄ လက်ရရှိခဲ့သလိုခေါပုတ်စခန်းသိမ်းတိုက်ပွဲအပါအဝင် အောက်တိုဘာအတွင်းက KNU/KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာ တိုက်ပွဲပေါင်း ၁၃၆ ကြိမ် ဖြစ်ခဲ့ကြောင်းတပ်မဟာ(၅)ကထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမူတွေလည်းရှိခဲ့ပါတယ်ရှင်။