KNLA (ဗဟို)ဌာနချုပ် စစ်ကောင်စီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

၇၀ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တည်ထောင်ခြင်း အခမ်းအနားအတွင်းတွေ့ရတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA (ဗဟို)ဌာနချုပ်ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေချိန်မှာပဲ ဗဟို ဌာနချုပ်ကို တိုက်ခိုက်ခံခဲ့ရတာပါ။ သတင်းအပြည့်အစုံ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်ကို အောက်တိုဘာလ ၂၂ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာပါ။ ကြဲချခဲ့တဲ့ ဗုံးအမျိုးအစားကတော့ အသေခံ Suicide Drone အမျိုး အစားကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦးတခု အနည်းငယ်ထိခိုက်မှုအနည်း ငယ်ရှိပြီး ရဲဘော်တဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့လည်း KNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆာင်တဦးက အခုလိုပြောပြပါတယ်။

"ဒရုန်းနဲ့ဗုံးကြဲတာပါ ရဲဘော်တယောက်ကတော့မစိုးရိမ်ဒဏ်ရာရတယ်ဆိုတာလောက်ပါပဲ အထိအခိုက်တော့သိတ်မရှိပါဘူး၊ ဒီ ၄နှစ်အတွင်းမှာတပ်မဟာ (၇) ကေအန်ယူ ဌာနချုပ်မှာ တခါမှာကျည်မပေါက်ဘူးတဲ့နေရာပါ ဘာစစ်ဆင်ရေးမှလည်းမရှိဘူး ဘာတိုက်ပွဲမှမရှိပဲ ဒရုန်းနဲ့ဗုံးလာကြဲတာပါ။"

အခြားဖတ်ရှုစရာများ

မြဝတီခရိုင်တွင်း စစ်ရေးတင်းမာမြဝတီမြို့နယ် စစ်ကောင်စီ တပ်စခန်းတချို့ KNU ပူးပေါင်းတပ်တွေ ဆက်လက်ရှင်းလင်းစစ်တပ်အချက်အခြာ စွယ်တော်ကုန်းကို KNLA/ PDF ပူးပေါင်းသိမ်းပိုက်

ကေအန်ယူ ဌာနချုပ် ကို စစ်ကောင်စီက အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ကေအန်ယူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးသလို ဘယ်တပ်ရင်းတပ်ဖွဲ့က လုပ်သလဲဆိုတာကိုလည်း မသိရသေးပါဘူး၊

လက်ရှိ ကရင်ပြည်နယ်အတွင်းမှာတော့ ကော့ကရိတ် ကျုံဒိုးဘက်က တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိပြီး အခုလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆာင်တဦးက ပြောပါတယ်။

"ကော့ကရိတ်ဘက်မှာတော့ တိုက်ပွဲဆက်ဖြစ်နေတယ် ကျုံဒိုးဘက်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။"

အခုရက်ပိုင်းမှာတော့ ကရင်ပြည်နယ် မြဝတီခရိုင်နဲ့ကော့ကရိတ် ကျုံဒိုးဘက်မှာ တိုက်ပွဲတွေဖြစ်နေပြီး မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း ၄ခုလောက်ကို KNLA/PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။ အဲဒီ့ထဲက စစ်ကောင်စီရဲ့ လေ့ကေကော့မှာ အဓိကစစ်ရေးအရ အချက်အခြာကျတဲ့ လက်နက်ခဲယမ်းအများအပြား သိုလှောင်ထားတဲ့ လက်နက်ကြီးဗျူဟာစစ်စခန်းကြီး ကို KNLA /PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်း အပါအဝင် တခြား PDF ပူးပေါင်းစစ်ကြောင်းတွေက ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တာပါ။ စစ်တပ်က လက်နက်ကြီးတွေ ဆုံးရှုံးခဲ့ရပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို သိပ်မလုပ်တော့ပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်လုပ်နေတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က ကရင်ပြည်နယ် မြဝတီခရိုင်ဘက်မှာလည်း လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်ပေါ်ကို စစ်ကောင်စီက ဒရုန်းနဲ့ပါ ဗုံးတွေ လာကြဲချနေတာဖြစ်ပါတယ်။