[Zawgyi/Unicode]
ဒေသခံအရပ်သားတချို့ သေဆုံးတဲ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာ သုံးသပ်သူတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အရပ်သား နှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။ မနေ့တုန်းက ပစ်ခတ်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ကျောက်ကြီးမြို့ခံတဦးကပြောပါတယ်။
“သေဆုံးတဲ့သူက အရပ်သားပဲ။ နှစ်ယောက်။ မနေ့ကတိုက်ပွဲကတော့ မဖြစ်ဘူးခင်ဗျ။ ဒါပေမဲ့ သူတို့ လမ်းမပေါ်သွားရင်းနဲ့ အပစ်ခံရတယ်လို့ ပြောတယ်။ အဲဒါ မူသဲအထက် လမ်းနည်းနည်း ကျတယ်။ ဟိုဘက်ကလည်း ဒီဘက်ကပစ်တာ ဆိုပြီးတော့ ကြားထဲကဆို ဘယ်လိုမှပြောလို့မရဘူး။”
အရပ်သား နှစ် ဦး ပစ်သတ်ခံရမှုအတွက် တပ်မတော်နဲ့ KNU တို့ကတော့ အပြန်အလှန် စွပ်စွဲထားကြတာပါ။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ် ဦးဟာ ကျောက်ကြီးမြို့၊ တောင်ငူတန်း ရပ်ကွက်မှာနေထိုင်သူ အသက် ၅၄ နှစ်အရွယ် ဦးတာနဲ့ အသက် ၄၂ နှစ်အရွယ် ဦးထွန်းစိုးတို့ဖြစ်ပြီး သူတို့ကို KNU တပ်မဟာ ၅ ပြည်သူ့စစ်တပ်ရင်း ၁ အဖွဲ့က ပစ်သတ်ခဲ့ပြီး ဈေးရောင်းရ ငွေတွေကို လုယက်သွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး KNU တပ်ဖွဲ့တွေက နှောင့်ယှက်ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အခုနောက်ဆုံး အရပ်သား နှစ် ဦး သေဆုံးမှုကို အဖြစ်မှန်ပေါ်ပေါက်အောင် ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SEE ALSO: ကရင်ပြည်ငြိမ်းချမ်းရေး စိတ်မအေးဖွယ်ဖြစ်လာပြီလား …တပ်မတော်ရဲ့ စွပ်စွဲချက်ကိုတော့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ငြင်းဆန်ထားပါတယ်။
“သတင်းမှန်ပြန်ကြားရေးဆိုပြီးတော့မှ တပ်မဟာ ၅ က ပြည်သူ့စစ်တပ်ရင်းရှိလား။ တပ်မဟာ ၅ ကကျောက်ကြီးမှာမှ မရှိဘဲ။ ပြည်သူ့စစ်တပ်ရင်း ၁ လည်း မရှိဘူး။ protocol အရလွဲနေတယ်လေ။”
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KNU ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာခဲ့ပေမဲ့ ဆွေးနွေးမှုတွေကိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ရပ်ဆိုင်းထားပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ မလုပ်နိုင်သလို၊ တပ်နေရာချထားရေး၊ တပ်အင်အားလျှော့ချရေး အပါအဝင် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း သဘောတူညီချက်တွေ မရရှိသေးတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေလည်း မကြာခဏ ကြုံနေရတာပါ။ အခုနောက်ထပ် စစ်ရေးတင်းမာမှုတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုပါ ထိခိုက်လာမှာ စိုးရိမ်ရတယ်လို့လည်း ပဲခူးတိုင်း အရပ်ဘက် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးတူးဘလက်က သုံးသပ်ပါတယ်။
“ဒီလို ပွတ်တိုက်မှုလေးတွေ ရှိလာရင် ကြာကြာရင် ပိုပြီးတော့ဆိုးမှာ ကျနော်က စိုးရိမ်တယ်။ နောက်ပြီးတော့လည်း ဒေသခံပြည်သူတွေပဲ ထိခိုက်နစ်နာတာများတဲ့အတွက် ကျနော်တို့ကတော့တွေ့ဆုံစေချင်တယ်။ တပ်ပိုင်း၊ လက်နက်ကိုင်နှစ်ဖွဲ့ဟာ KNU နဲ့ အစိုးရတပ်နဲ့က အပေါ်ကလူကြီးတွေ တွေ့ပြီးတော့ ဆွေးနွေးရင်တော့ အကောင်းဆုံး အခြေအနေပဲ။ အကယ်၍ မတွေ့ဘူးဆိုရင် ဒီအတိုင်းဖြစ်လာရင် နိုင်ငံရေးဆွေးနွေးပွဲကျတော့ အထောက်အကူ မပေးနိုင်တော့ဘူး ဖြစ်သွားမယ်လေ။”
KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က တပ်မတော်ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့နှစ်မကုန်ခင် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် စစ်ရေးတင်းမာမှုတွေလည်း ကြီးထွားလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ထောင်နဲ့ချီတဲ့ ဒေသခံတွေကလည်း KNU ထိန်းချုပ်ရာ ဒေသမှာ တပ်မတော်ရဲ့ အခြေစိုက်စခန်းတွေ ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆို လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]