လေးကေ့ကော်အနီး စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင် 

စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ KNU တပ်ဖွဲ့ဝင်အချို့။

လေးကေ့ကော်အနီး စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်

{{Zawgyi/Unicode}}

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်အနီး လေးကပေါ်ဆိုတဲ့ ကေအန်ယူ တပ်မဟာ(၆)ထိမ်းချုပ်ထားတဲ့နေရာကို စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၂၃ရက်နေ့ည ၁၀နာရီကျော်မှာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပါပစ်ခတ်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ့ကတဖက်၊KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ပြည်သူကာကွယ်ရေးတပ် PDF တွေပါတဲ့ ပူးပေါင်းတပ်တွေကတဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒီဇင်ဘာ ၂၃ ကြာသပတေးနေ့ ည ၁၀နာရီကျော်အချိန်မှာတော့ လေးကေ့ကော်အနီးက လေးကပေါ် ဆိုတဲ့နေရာကို စစ်ကောင်စီဘက် ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူ့ပါလုပ်ခဲ့တယ် ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပြပါတယ်။

"အခုလေးတင် တမိနစ်အတွင်းမှာ လေယာဉ်ပျံပြီးဗုံး ၂လုံး ကြဲသွားပါတယ်။ လေယာဉ်ကတစီးထဲ ၂ခေါက်ကြဲတာ။ လေးကေ့ကော်အနီးနားရှိတဲ့စခန်းတခုပေါ့။ လေးကပေါ်ဆိုတဲ့နေရာ ကေအန်ယူပိုင်နက်ထဲက။ ကတုတ်ကျင်းထဲမှာပြေးဝတ်နေ ရတယ်။အမြှောက်ကုန်းကလည်းလက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာမရပ်တော့ဘူး"

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမဘေးမှာရှိတဲ့တောနော်ရေတံခွန်အနီ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ၂၃ ရက်နေလည်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လေးကေ့ကော်ဘက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ချောင်းမြောင်းပစ်ခတ်မှုတွေရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကေအန်ယူတပ်မဟာ(၆)ထိမ်းချုပ်ရာ လေးကေ့ကော်မြိုသစ်ကို ဒီဇင်ဘာလ ၁၄ရက်နေ့က ဝင်ရောက်ပြီး လွတ်တော်အမတ် ၂ဦးအပါအဝင် စစ်အာဏာသိမ်းမူ့ကိုဆန့်ကျင်တဲ့လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးကာ အဲဒီနေရာမှာပဲ တပ်စွဲနေရာယူရာကနေနှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ ။

စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်နေတာ အခုဆိုရင် တပတ်ကျော်သွားပြီဖြစ်ပါတယ် ။

နှစ်ဖက်တိုက်ပွဲတွေအတွင်း လေးကေ့ကော်အပါအဝင်အနီးတဝိုက်က ကျေးရွာတွေ လူနေအိမ်တွေပေါ်ကို လက်နက်ကြီး ကျည်တွေထိမှန် တာကြောင့် လူနေအိမ်တချို့ပျက်စီးခဲ့ရပါတယ်ဒီအတွက် ဒေသခံရွာသားတွေဟာ သောင်ရင်းမြစ်အနီးက တောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရသလို့ ထောင်နဲ့ချီရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းကိုထွက်ပြေးခိုလှုံနေရပါတယ်။

ဒီဇင်ဘာလ၂၃ရက်နေ့ညက စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူကြောင့် ညပိုင်းမှာပဲစစ်ဘေးရှောင်တချို့သောင်ရင်းမြစ် ကိုဖြတ်ပြီးထိုင်းဘက်ကို တိမ်းရှောင်လာကြတာတွေလည်းရှိပါတယ်။

လေးကေ့ကော်မြို့ထဲကိုတော့ စစ်ကောင်စီဘက်က အမြှောက်ကုန်းကနေ မကြာမကြာ လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေ ရှိနေတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကတော့ မလွယ်ကူနိုင်သေးဘူးလို့ ပူးပေါင်းတပ်ဖွဲ့ကခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ဆိုပါတယ်။

" လေးကေ့ကော်မှာက လက်နက်ကြီးနဲ့ပဲ ရွာထဲတွေ မြို့ထဲတွေကို သူတို့က မထင်ရင်မထင်သလိုလှမ်းပစ်နေတာ စစ်ဘေးရှောင်တွေကတော့ပြန်ဝင်ဖို့လုံးဝမဖြစ်နိုင်သေးတဲ့အနေအထားဖြစ်နေတယ်"

တိုက်ပွဲတွေနဲ့ပါတ်သက်လို့ KNU ကဒီဇင်ဘာ ၂၀ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တာမှာ စစ်တပ်ဘက်က တပ်အင်အား အလွန်အကျွံသုံး တိုက်ခိုက်နေတယ်လို့ ပြောထားပါတယ်။ KNU နယ်မြေထဲမှာ ခေတ္တလာရောက် တိမ်းရှောင်နေသူတွေကို စစ်တပ်က အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာ၊ KNU တပ်ဖွဲ့ဝင်တွေကို အင်အားသုံး ဖိအားပေးပြီး အကြမ်းဖက် တိုက်ခိုက်လာတဲ့အတွက် KNU အနေနဲ့ ခုခံကာကွယ်တဲ့အခြေအနေကနေ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်လို့ ပြောထားပါတယ်။

လေးကေ့ကော်ဘက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လာနိုင်တဲ့အတွက်လည်း ကုလသမဂ္ဂက လေကြောင်း ပျံသန်းမှုကင်းမဲ့ဇုံ အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုပြီး ၃ရက်အကြာမှာအခုလို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေလုပ်လာတာဖြစ်ပါတယ်ရှင်။

.........................................

Your browser doesn’t support HTML5

လေးကေ့ကော်အနီး စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်



{{Unicode}}











