သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေကော်ရဲ့ နိုင်ငံရေးဂယက်


လေးကေ့ကော်ဒေသ တိုက်ပွဲတွေအတွင်း ကေအန်ယူက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - ကေအန်ယူ)
လေးကေ့ကော်ဒေသ တိုက်ပွဲတွေအတွင်း ကေအန်ယူက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - ကေအန်ယူ)
လေးကေကော်ရဲ့ နိုင်ငံရေးဂယက်
please wait

No media source currently available

0:00 0:11:05 0:00
တိုက်ရိုက် လင့်ခ်

KNU ထိန်းချုပ်နယ်မြေထဲက လေးကေကော်မြို့သစ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီ နဲ့ KNLA ပူးပါင်းတပ်ဖွဲ့တို့ရဲ့စစ်ရေးပဋိပက္ခဟာ သဘောတူညီမှုကို ချိုးဖောက်ပြီး ထင်ရာလုပ်လိုတဲ့ မြန်မာစစ်တပ်ရဲ့သဘောထားကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ PPST (ခေါ်) ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ ပြောခွင့်ရ ခွန်မြင့်ထွန်းက ဆိုပါတယ်။ မြန်မာနိုင်ငံရေးအပေါ် ဒီဖြစ်ရပ်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လို ရှိလာနိုင်ပါသလဲသလဲ။ ခွန်မြင့်ထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ကျနော် ခွန်မြင့်ထွန်းကို ဆက်သွယ်ရတဲ့အကြောင်းကတော့ လေးကေကော်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အဓိကအားဖြင့် ပတ်သက်ပါတယ်။ တကယ်တော့ လေးကေကော်ဆိုတဲ့ ဒေသဟာ ၂၀၁၅ မှာ KNU နဲ့ တပ်မတော် ငြိမ်းချမ်းရေးအလားအလာကောင်းတဲ့အချိန်မှာ ဒုက္ခသည်တွေကို နေရာပြန်လည်ချထားပေးဖို့ဆိုတဲ့ သိပ်ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ဒေသလို့ သိရပါတယ်။ တနည်းအားဖြင့် ငြိမ်းချမ်းရေးပြယုဂ်ဒေသတခုဆိုရင်လဲ မှားမယ်မထင်ပါဘူး။ အခုအခါမှာ တိုက်ပွဲတွေဖြစ်လာတော့ ငြိမ်းချမ်းရေးအလားအလာကို ဘယ်လောက်ထိခိုက်သွားပြီလဲဆိုတာကို ကျနော်က မေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ ကျနော်က စောစောကပြောခဲ့တဲ့ လေးကေကော် တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးပြယုဂ်လို့ ဆိုပေမယ့် တချို့က သုံးသပ်လာတာကို ကျနော်ကြားရပါတယ် ဒီဟာက တကယ်တမ်းကြတော့ KNU နယ်မြေထဲမှာ စစ်တပ်က ခြေကုပ်လိုချင်လို့ အစကတည်းက ဒီရည်ရွယ်ချက်ပါခဲ့တယ်လို့ သုံးသပ်ကြတာကို အခုအခါမှာ ကြားသိရပါတယ်။ အဲဒါ ဘယ်လောက် အခြေအမြစ်ရှိတဲ့ သုံးသပ်ချက်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော့်အနေနဲ့ကတော့ အခု PPST မှာ အစည်းအဝေးတွေ မရှိသေးတဲ့ကာလဆိုတော့ ဒီမှာတော့ ကျနော့်ရဲ့ အမြင်ကိုပဲ အဓိက ဦးစားပေးပြီးတော့ တင်ပြပါမယ်။ လေးကေကော်ဆိုတာ မြို့ရဲ့အဝန်းအဝိုင်းက မြို့ငယ်တမြို့ပဲ ဖြစ်ပေမယ်လို့ ငြိမ်းချမ်းရေးအရ ငြိမ်းချမ်းရေးတန်းဖိုးအနေနဲ့ အင်မတန် ကြီးမားပါတယ်။ နိုင်ငံရေးတန်းဖိုးအနေနဲ့က အင်မတန်ကြီးမားပါတယ်။ ငြိမ်းချမ်းရေးရဲ့ အသိအပွင့်လို့ ပြောရတဲ့မြို့ ဖြစ်ပါတယ်။ ဒီအတွက်ကိုလဲ နိုင်ငံတကာနဲ့ ဂျပန်နိုင်ငံအစိုးရရဲ့ နိပွန်ဖောင်ဒေးရှင်းတို့ရဲ့ အကူအညီတွေနဲ့ ဒီမြို့ကို တည်ထားတာပါ။ အဲဒီအထဲမှာ အပြန်အလှန် ယုံကြည်မှုတွေ၊ အပြန်အလှန် ကတိကဝတ်တွေ ထည့်သွင်းပြီးတော့ ဒီမြို့ကို တည်ဆောက်ထားတယ်လို့ ဒီလိုပြောရမှာပါ။ အခုအနေအခါမှာ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်က ဒီမိုကရေစီအင်အားစုတွေကိုပဲ အဓိက အနိုင်ယူနှိမ်နင်းရေးပေါ်မှာပဲ အခြေခံပြီးတော့ ဒီမြို့ထဲကို ဒီလိုဝင်တယ်၊ ဒီလိုဆောင်ရွက်တယ်ဆိုတာတွေက ကျနော်တို့ အဆင့်ဆင့်ချုပ်ဆိုခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်တွေနဲ့ NCA ရဲ့ စံတန်းဖိုးတွေကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ NCA စံတန်းဖိုးတွေ၊ ငြိမ်းချမ်းရေးရဲ့ စံတန်းဖိုးတွေကို ငြင်းဆိုးဖျက်ဆီးလိုက်တာပဲလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် NCA စာချုပ်ရဲ့ အကောင်အထည်ဖော်မှုကို ခြိမ်းခြောက်လိုက်တာလဲ၊ ဒီသဘောရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော့်ရဲ့ မေးခွန်းမှာ ဒုတိယပိုင်းတခုဖြစ်တဲ့ အဲဒီငြိမ်းချမ်းရေး ရည်ရွယ်ချက်ဆိုတာထက် အစကတည်းက ဒီဒေသမှာ စစ်တပ်ကလိုရင် ခြေကုပ်ယူဖို့ ထိုးဖောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါခဲ့တယ်ဆိုတာကော အစက ဒီလိုမျိုး ရှိခဲ့မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ စစ်တပ်အနေနဲ့တော့ အမြဲတမ်း ခြေကုပ်ရယူရေးကို အမြဲတမ်း သူ့ရဲ့ဗျူဟာတရပ်အနေနဲ့ နေရာတိုင်းမှာတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သို့သော်လဲ အဲဒီကာလမှာ ရှိခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ယုံကြည်ချက်တွေ၊ ကတိကဝတ်တွေကို တန်းဖိုးထားပြီးတော့ အဲဒီကာလက အစိုးရခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ တန်းဖိုးထားတဲ့ ယုံကြည်ချက်တွေအရ ဒါကို တည်ဆောက်ခဲ့တယ်လို့ပဲ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ အခုအခါမှာ လေးကေကော်မှာ လောလောဆယ် ဖြစ်လာတဲ့ immediate cause ကတော့ လေးကေကော်မှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ နိုင်ငံရေး activists တွေကို ဝင်ဖမ်းတာက အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ KNU နဲ့ တပ်မတော်နဲ့သာ အရင်တုန်းကလို ငြိမ်းချမ်းရေးဆန္ဒသဘောထားတွေ နှစ်ဦးနှစ်ဘက် တူညီရှိနေကြတယ်ဆိုရင် ဒီကိစ္စက လွယ်လွယ်ကူကူ ဖြေရှင်းလို့ရမယ့် ကိစ္စလို့ ထင်ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲတွေ ဖြစ်လာဖို့အတွက် အဓိက အခြေခံကျတဲ့ အကြောင်းရင်းက ဘာလို့ပြောလိုပါလဲ။

ဖြေ ။ ။ အဓိကအခြေခံကျတဲ့အကြောင်းရင်းကို ကျနော်တို့ မတင်ပြမီမှာ KNU နဲ့ တပ်မတော်ကြားမှာ တင်းမာမှုတွေက ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ၊ နိုင်ငံရေးဆွေးနွေးနေစဉ်မှာ ဒီလိုမျိုးတင်းမာမှုတွေ ရှိခဲ့ပါတယ်။ တင်းမာမှုတွေ လျှော့ချနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခုဖြစ်တာကတော့ သာမန် KNU နဲ့ စစ်ကောင်စီကြားမှာ တင်းမာမှုမျိုး မဟုတ်တော့ဘူး။ ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ Background က ဘာဖြစ်နေလဲဆိုရင် စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကျင့်သုံးနေတဲ့ စစ်ကောင်စီနဲ့ အဲဒီစစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံနိုင်တော့တဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ အဲဒါက နောက်ခံ background ဖြစ်ပါတယ်။

မေး ။ ။ အခုလောလောဆယ် ဖြစ်နေတဲ့ လေးကေကော်က တပ်မဟာ (၆) လို့ သိရပါတယ်။ ဆိုတော့ KNU တဖွဲ့လုံးဟာ အခုန ခွန်မြင့်ထွန်းပြောတဲ့ သဘောထားအတိုင်း စစ်ကောင်စီကို လုံးဝပြတ်ပြတ်သားသား ဆန့်ကျင်နေကြတယ်လို့ ကျနော်တို့ ယူဆလို့ ရပြီလား။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ KNU အနေနဲ့ NCA အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ်တွေကို အလေးထားပြီးတော့ တလျှောက်လုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြတယ်။ သို့သော်လဲ သူတို့ရဲ့ သဘောထားကိုတော့ သြဂုတ်လ (၁၂) ရက်နေ့က ကရင့်အာဇာနည်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာထားတာ ရှိတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်ထားသော်လဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်တွေကို ကာကွယ်ရမယ်ဆိုတဲ့မူကိုလည်း ပြတ်ပြတ်သားသားနဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်စိမ်ကို ထိခိုက်လာတယ်၊ နစ်နာလာတယ်။ ဒီဟာတွေ ရှိတဲ့အပေါ်မှာတော့ KNU က ဒီအပေါ်မှာ ထုတ်ပြန်လာတဲ့ သဘောထားတွေပေါ်မှာတော့ သူတို့ရပ်တည်သွားမှာ ဖြစ်ပါတယ်။ KNU ဘက်က ဖြစ်တဲ့ပြဿနာက KNU ဘက်ကစတာ မဟုတ်ဘူး။ ဒါက စစ်ကောင်စီဘက်ကစတဲ့ ပြဿနာ ဖြစ်ပါတယ်။

မေး ။ ။ အခု လေးကေကော်မှာဖြစ်တဲ့အထဲမှာ KNU plus PDF တွေ ပေါင်းပြီးတော့ တိုက်ကြတယ်လို့ သိရပါတယ်ဆိုတော့ EAO တွေနဲ့ PDF တွေရဲ့ လက်တွဲမှုအခြေအနေက ဘယ်လောက်အထိ ခိုင်မြဲပါသလဲ။ ဒါက Ad-hoc လောလောဆယ် တိုက်ပွဲအတွက် စစ်မြေပြင်မှာ လိုအပ်ချက်အတွက် ပူးပေါင်းဆောင်ရွက်ချက် သက်သက်လား။ နိုင်ငံရေးအခြေခံအားဖြင့် တသွေးတညီထဲ ပူးပေါင်းနေကြပြီလို့ သုံးသပ်လို့ရပြီလား။

ဖြေ ။ ။ အခုနေအခါမှာတော့ ဒီတိုင်းပြည်မှာ အားလုံးရဲ့ ကြွေးကြော်သံ၊ ရပ်တည်ကြတာကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဖြစ်ပါတယ်။ ဒါကတော့ အားလုံးသောလူတွေကြားမှာ တူညီနေသော ဘုံသဘောထား ဖြစ်ပါတယ်။ ဒီဘုံသဘောထား ရပ်တည်ချက်ကတော့ တူညီမှုပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်နေကြတယ်လို့ ကျနော်က အဲဒီလိုမြင်ပါတယ်။

မေး ။ ။ ဆိုတော့ စောစောက KNU ကိစ္စကိုတော့ ကျနော်တို့ ပြောပြီးပြီ။ NCA မှာပါတဲ့ ကျန်တဲ့အဖွဲ့တွေ၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအားလုံးရဲ့ သဘောထားက တသွေးတသံထဲ၊ တညီတညွတ်တည်း ဖြစ်သွားပြီလား။ သို့တည်းမဟုတ် အဲဒီ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ တဖွဲ့နဲ့တဖွဲ့ မညီညွှတ်နိုင်တာတွေ ရှိနေသေးသလား။

ဖြေ ။ ။ တဖွဲ့ချင်း စွမ်းဆောင်နိုင်မှုတွေကတော့ သူ့ဒေသနဲ့သူ၊ သူ့အခြေအနေနဲ့ သူကတော့ ကွာခြားချက်တွေ ရှိနေပေမဲ့လို့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာကတော့ ကျနော်တို့အားလုံး တူညီတဲ့ ဘုံသဘောထား ဖြစ်ပါတယ်။ PPST ကြေညာချက်တွေမှာလည်း အဲဒါကို အကြိမ်ကြိမ်အခါခါ ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ PPST အနေနဲ့တော့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးကိုတော့ ဆွေးနွေးတဲ့နည်းနာနဲ့ သွားဖို့ကိုလည်း ကျနော်တို့ ပြင်ဆင်ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ သို့သော်လဲ လေးကေကော်ကိစ္စကတော့ အဲဒီအပေါ်မှာ ကြီးစွာသော ရိုက်ခတ်မှုကို ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုပဲ သဘောတူညီမှုတွေ လုပ်ထားသည်ဖြစ်စေကာမူ တပ်မတော်ဘက်က အချိန်မရွေး ချိုးဖောက်သွားမှာပဲဆိုတဲ့ message ကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ရလိုက်တာ ဖြစ်ပါတယ်။

မေး ။ ။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကတော့ သူ့ဒေသနဲ့သူ ကွာမယ်လို့ ဆိုခဲ့ပါတယ်။ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာထက် ခံယူချက်နဲ့ သဘောထားကတော့ တပြေညီထဲ ဖြစ်ကြတယ်လို့ ကျနော် နားလည်သဘောပေါက်ပါတယ်။ ခွန်မြင့်ထွန်းပြောတဲ့အထဲမှာ။ ဆိုတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ တညီတညွှတ်ထဲ တပ်ပေါင်းစု United Front သဘောမျိုးနဲ့ ဖြစ်လာနိုင်မယ့် အလားအလာ အခုအခါမှာ ရှိပါသလား။ အထူးသဖြင့် NCA မှာ လက်မှတ်ထိုးထားကြတဲ့ အဖွဲ့တွေ၊ Plus PDF တွေက United Front တခုအနေနဲ့ ဖြစ်လာနိုင်ပြီလို့ ဆိုနိုင်မလား။

ဖြေ ။ ။ ဒီအရွေ့တွေကတော့ တိုးတက်ဖြစ်ထွန်းလာတဲ့ အခြေအနေပေါ်မှာတော့ မူတည်မှာ ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေမှာ ကျနော်တို့တွေရဲ့ PPST ကို စုဖွဲ့ထားက NCA အကောင်အထည်ဖော်မှုပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ Alliance မဟာမိတ်အနေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုအနေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သို့သော်လဲပဲ ဒီနေ့ တိုင်းပြည်မှာ ဖြစ်ထွန်းလာတဲ့ အခြေအနေ၊ အနေအထားတွေအရ ကျနော်တို့ကြားမှာ စုဖွဲ့မှုကိုတော့ ဘယ်လိုစုဖွဲ့ကြမလဲဆိုတာကိုလဲ ကျနော်တို့ အလေးအနက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မေး ။ ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအပြင် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ၊ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေကြား ဆက်ဆံရေးက အခုအခါမှာ ဘယ်လိုရှိပါသလဲ။ ဒီကိစ္စမှာ ဆွေးနွေးညှိနှိုင်းမှုတွေ၊ သဘောတူမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေများ ရှိနေပါသလား။

ဖြေ ။ ။ ကျနော်တို့က ဒီဟာတွေကိုတော့ အလွတ်သဘောအရ ဆွေးနွေးညှိနှိုင်းဖို့အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ညီလာခံတရပ် ဖြစ်ရေးကိုလည်း PPST မှာတော့ အလုပ်အဖွဲ့တွေ ဖွဲ့စည်းပြီးတော့ တာဝန်တွေ ပေးထားပါတယ်။ လက်တွေ့ကျကျ ဖြစ်ပေါ်လာဖို့ကတော့ တစုံတရာတော့ အချိန်ယူရမယ်လို့တော့ ထင်ပါတယ်။ ဖြစ်ရေးကိုတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးနိဂုံးချုပ်ချင်တာကတော့ အခု လေးကေကော်ကို ဝင်တိုက်လိုက်တယ်။ လေးကေကော်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာ အပေါ်ယံအားဖြင့် သာမန်တိုက်ပွဲသာ ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာအတွက် ဘယ်လောက်အထိ ရိုက်ခတ်သွားသလဲဆိုတာကို အကျဉ်းရုံးလေး ပြန်ပြောပေးပါအုံး။

ဖြေ ။ ။ ကျနော်တို့ တိုင်းပြည်အတွက်ကတော့ အင်မတန်ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ထိခိုက်မှုကတော့ ငြိမ်းချမ်းရေးအတွက်ကော၊ နိုင်ငံရေးအတွက်ကော အင်မတန်ထိခိုက်မှု ကြီးပါတယ်။ အခု စစ်ကောင်စီကတော့ အနိုင်ယူချေမှုန်းရေးကိုပဲ ဦးတည်ပြီးတော့၊ လုပ်ချင်တာကိုပဲ လုပ်သွားတာဖြစ်ပြီးတော့ ကျန်တဲ့ဟာတွေကို ထည့်သွင်းပြီးတော့ စဉ်းစားခဲ့ပုံ မရပါဘူး။ အခုဆိုရင် အပစ်ခတ်ရပ်စဲရေးစာချုပ်တွေကို အလေးအနက်ထားပြီးတော့ ထိန်းသိမ်းဆောင်ရွက်နေတဲ့ KNU ကြားမှာ မဟာမိတ်အကြီးအကျယ် ပျက်သွားသလိုပဲ၊ ထိုင်းနိုင်ငံနဲ့ကြားမှာလဲ အဖုအထစ် ဖြစ်သွားတာ ဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ ဂျပန်အပါအဝင် မြန်မာပြည် ငြိမ်းချမ်းရေးကို ကူညီချင်ကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လဲ ဒါက စိတ်ပျက်စရာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ တပ်မတော်နဲ့ စစ်ကောင်စီနဲ့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုတွေပေါ်မှာ ဘယ်လိုယုံကြည်ရမလဲ၊ ဘယ်လိုသဘောထားရမလဲ ဆိုတဲ့ဟာတွေကလဲ ကျနော်တို့အတွက် မေးခွန်းထုတ်စရာ ဖြစ်သလို၊ ဒီအပေါ်မှာ ယုံကြည်မှုကလဲ ပျောက်သထက်ပျောက်သွားတာပေါ့။ ဒီသဘောထားတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ ဒီနေ့ ဒီတိုင်းပြည်ရဲ့ ပြဿနာနဲ့ လေးကေကော်ကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာလဲ စစ်ကောင်စီအနေနဲ့ မိမိရဲ့ ဆောင်ရွက်ချက်တွေအပေါ် လေးလေးနက်နက် ပြန်သုံးသပ်ပေးပြီးတော့ ဆုတ်ပေးလိုက်တာကတော့ ပိုပြီးကောင်းမယ်လို့ ကျနော်တို့က အဲဒီလို မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KNU ကတော့ သူတို့ ဒီသဘောထားကြီးကြီးနဲ့ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့လို့ စစ်ရေးအရ ကျူးကျော်မှုကိုတော့ သူတို့ ခေါင်းငုံခံမယ့်သဘောတော့ မရှိဘူး။ ပြီးရင်လဲ နိုင်ငံရေး background ကတော့ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကျင့်သုံးနေတဲ့ စစ်ကောင်စီကို လူထုတရပ်လုံးကလည်း ဆန့်ကျင်နေကြတဲ့ကာလ ဖြစ်ပါတယ်။

XS
SM
MD
LG