သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံခင်းတမန်ခင်း အရှုံးအနိုင်


United Nations Secretary-General António Guterres and others gather for a UN security council.
United Nations Secretary-General António Guterres and others gather for a UN security council.
သံခင်းတမန်ခင်း အရှုံးအနိုင်
please wait

No media source currently available

0:00 0:10:16 0:00
တိုက်ရိုက် လင့်ခ်

ကုလသမဂ္ဂအနေနဲ့ NUG မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် တရားဝင် လက်ခံတာမရှိသေးပေမဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် လက်ခံရေး ဆိုင်းငံံ့လိုက်တာဟာ NUG အတွက် အောင်ပွဲတခု ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။ ဒီအဆုံးအဖြတ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုသဘောထားနဲ့ ဘယ်လိုရပ်တည်ခဲ့ကြသလဲဆိုတာကို ပါမောက္ခ Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခု ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားလှယ် ရွေးချယ်လက်ခံမယ့်ကိစ္စကို မဆုံးဖြတ်ဘဲထားဖို့ ဆိုင်းငံ့လိုက်ပါတယ်။ ဆိုတော့ ဒီကိစ္စဟာ ဘယ်လောက်ထူးခြားသလဲဆိုတာကို ပထမဦးဆုံး စပြီးရှင်းပြပါ။

ဖြေ ။ ။ အများကြီးထူးခြားပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းယူမှုကို တရားဝင်တယ်လို့ ကမ္ဘာ့နိုင်ငံအများအပြားက လက်မခံကြဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှု ပြန်လည်ရုတ်သိမ်းတာကို တွေ့ရဖို့ မျှော်လင့်နေကြဆဲ သဘောလည်း ဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းရတာ ဘယ်လိုကြောင့် မလွဲမသွေး သိမ်းရတာဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း မယုံကြည်ကြပါဘူး။ နောက်ပြီး အကြမ်းမဖက်တဲ့ ဆန္ဒပြသမားတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းတာ၊ သတင်းသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် နှိပ်ကွပ်တာတွေကလည်း စစ်ကောင်စီရဲ့ပုံရိပ်ကို ပိုမိုဆိုးရွားစေပါတယ်။

မေး ။ ။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ် ခန့်ထားရေးကို မဆွေးနွေးဘဲ ထားလိုက်တဲ့အတွက် စစ်ကောင်စီဘက်က အဆိုပြုတဲ့ ကိုယ်စားလှယ်ဟာ အပယ်ခံလိုက်ရတဲ့သဘောလို ဆိုနိုင်မယ်ထင်ပါတယ်။ အဲဒီလိုဆိုတော့ NUG အနေနဲ့ စစ်ကောင်စီအပေါ်မှာ အောင်ပွဲတခု ရရှိလိုက်တယ်လို့ ပြောရင်ရမလား။

ဖြေ ။ ။ ဒါဟာ NUG အတွက် အောင်ပွဲတရပ် တကယ်ပဲ ရရှိသွားတာ ဖြစ်တယ်လို့ ထင်ပါတယ်။ NUG က သူတို့ကိုယ်စားလှယ်ကို မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်ခံဖို့ လိုလားနေပါတယ်။ အဲဒါကတော့ ဦးကျော်မိုးထွန်းပါ။ သူကတော့ သူ့နေရာမှာ ဆက်လက်ရှိနေပါတယ်။ ဒါပေမဲ့ ဦးကျော်မိုးထွန်းသည် NUG ရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်သည်။ NUG သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ဖြစ်သည်လို့ အသိအမှတ်ပြုတာတော့ မရှိသေးပါဘူး။ ဆိုတော့ အဲဒီလို ဖြစ်လာဖို့အတွက် မျှော်လင့်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ သို့သော်ငြားလဲ အခုလိုဖြစ်လာတာကိုယ်က NUG အတွက် သိပ်အရေးကြီးတဲ့ ခြေလှမ်းတလှမ်း ရှေ့ကိုတိုးသွားခြင်း ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ NUG က သူတို့မျှော်လင့်တဲ့အတိုင်း အကောင်အထည် ဖော်လာဖို့အတွက် ရှေ့ကိုဘာဆက်လုပ်ဖို့ လိုမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်လည်ပေါ်ထွက်လာဖို့ ကမ္ဘာပေါ်က အစိုးရအများအပြားဟာ အကျိုးရှိမယ့် ထောက်ခံမှုပေးဖို့ ကြိုးပမ်းနေကြတယ်လို့ ထင်ပါတယ်။ ဆိုတော့ ကမ္ဘာ့အစိုးရတွေအနေနဲ့ အဲဒီလို ထောက်ခံမှု ပေးနိုင်အောင် သူတို့ဘက်က ဘာတွေလုပ်ပေးရမလဲဆိုတာတွေကို စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံတကာအနေနဲ့ NUG ကို အသိအမှတ်ပြုတာက နည်းလမ်းတခုပါ။ ဒါပေမဲ့ တချို့အစိုးရတွေက အဲဒီအဆင့်ထိ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီအစိုးရတွေ တခြားနည်းလမ်းနဲ့ ကူညီနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းတွေ ငြိမ်းချမ်းသောနည်းနဲ့ အပြောင်းအလဲဖြစ်နိုင်မယ့် နည်းလမ်းတွေနဲ့ အစိုးရတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ ထောက်ခံနိုင်အောင်လည်း လုပ်သင့်ပါတယ်။

မေး ။ ။ အခု ကိုယ်စားလှယ်ရွေးချယ်တဲ့ကိစ္စ ဆိုင်းငံ့တာကို ပြန်သွားရမယ်ဆိုရင် ဂရန်ရှာကော်မတီနဲ့ အထွေထွေညီလာခံတို့မှာ ဒီကိစ္စကို အများသဘောအရ consensus နဲ့ ဆုံးဖြတ်တယ်လို့ ဆိုထားပါတယ်။ အဲဒီတော့ကာ အထူးသဖြင့် တရုတ်၊ ရုရှားတို့သည်ပင် စစ်ကောင်စီဘက်က မရပ်တည်ချင်တော့ဘူးဆိုတာကို ပြသလိုက်တယ်လို့ မှတ်ယူရင်ရမလား။

ဖြေ ။ ။ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံလုံးက သူတို့အကျိုးဖြစ်ထွန်းမယ့်နည်းလမ်းကို ကြိုးစားရွေးချယ်နေကြတယ်လို့ ထင်ပါတယ်။ ဆိုလိုတဲ့သဘောက တခါတလေ စစ်ကောင်စီနဲ့ လက်တွဲပြီး တခါတလေမှာ စစ်ကောင်စီကို ဘေးဖယ်ပြီး၊ နိုင်ငံတကာသဘောထား International Opinion အတိုင်း မျှောပြီးလိုက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခုလုပ်ရပ်ကိုကြည့်ပြီး တရုတ်နဲ့ ရုရှားတို့ဟာ စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်လိုမှု မရှိတော့ဘူးလို့ မပြောနိုင်ပါဘူးလို့ ထင်ပါတယ်။ ဒီလိုယူဆရင် မပါးနပ်ရာ ကျပါလိမ့်မယ်။ အမှန်ပြောရရင် တရုတ်အစိုးရဟာ နာမည်ကောင်းရဖို့ ကြိုးစားနေတာပါ။ အထူးသဖြင့် သူတို့ အိုလံပစ် ကျင်းပဖို့ နီးစပ်လာချိန်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခု ကိုယ်စားလှယ်ရွေးချယ်ရေးကိစ္စကို ဆိုင်းငံ့ဖို့ သဘောတူခဲ့တာ ဖြစ်မှာပါ။ နောက်တချက်ကလဲ တရုတ်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အလုပ်လုပ်ရတာကို မကြိုက်ပါဘူး။ အဲဒီဗိုလ်ချုပ်တွေ ကိစ္စရပ် အတော်များများမှာ ခန့်မှန်းလို့ မရနိုင်တဲ့သူတွေပါ။ သူတို့ဟာ စီးပွားရေးကို စီမံခန့်ခွဲနိုင်တဲ့ အရည်အျင်းလည်း ကင်းမဲ့ကြပါတယ်။ ဒါကြောင့် တရုတ်ရဲ့ BRI ခေါ် ခါးပတ်လမ်း စီမံကိန်း အောင်မြင်ဖို့ဆိုတာ စစ်ကောင်စီ ရှိနေသမျှ မြန်မာပြည်သူတွေက ဆန့်ကျင်နေသမျှ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံတွေက ဒီ BRI စီမံကိန်းဟာ စစ်တပ်ကို ထောက်ခံဖို့အတွက် တရုတ်က လုပ်နေတယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

မေး ။ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့တနေ့က သတင်းတပုဒ်က ရုရှာသမ္မတ Vladimir Putin နဲ့ အိန္ဒိယဝန်ကြီးချုပ် Nerendra Modi တို့ နယူးဒေလီမှာ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့ သဘောတူလိုက်ကြပါတယ်။ ဆိုတော့ ဒီနှစ်ငံစလုံးဟာ တကယ်ပြောရင် မြန်မာနိုင်ငံစစ်ကောင်စီနဲ့ နီးနီးကပ်ကပ် အကြောင်းအမျိုးမျိုးပြ ဆက်ဆံချင်ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဆိုတော့ သူတို့နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လုပ်ဆောင်လိုက်ကြတာဟာ မြန်မာပြည်အတွက် ဘယ်လိုရိုက်ခတ်မှု ရှိနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ဒီမှာလဲ အိန္ဒိယနဲ့ ရုရှားတို့ဟာ မတူညီတဲ့ အမျိုးသားအကျိုးစီးပွားတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တခုကတော့ လက်နက်ရောင်းချရေး ဖြစ်ပါတယ်။ ဝင်ငွေကောင်းတဲ့ လုပ်ငန်းပါ။ နောက်ပြီး မြန်မာနိုင်ငံအပေါ်မှာ သြဇာလွှမ်းမိုးချင်ကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တခြားတဘက်မှာလဲ ရှင်ပြောသလိုပဲ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်ကိစ္စကို ဆိုင်းငံ့ဖို့ကိုလည်း ရုရှားက သဘောတူခဲ့ပါတယ်။ ဆိုလိုတဲ့သဘောက သူတို့ဟာ တဘက်တည်းမှာ ပုံအောပြီး မလောင်းချင်ကြဘူးဆိုတာပါပဲ။ အိန္ဒိယရဲ့ သဘောထားလဲ အလားတူပဲ ဖြစ်ပါတယ်။ အခုအခါ အိန္ဒိယ အရှေ့မြောက်မှာ မြန်မာဒုက္ခသည်တွေ အများအပြား ခိုလှုံနေကြတာလဲ တွေ့ရပါတယ်။ ဒါဟာလဲ သူတို့မူဝါဒအပေါ် ရိုက်ခတ်မှု ရှိစေနိုင်ပါတယ်။

မေး ။ ။ အခုအခါမှာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ အာဆီယံကို ကြည့်မယ်ဆိုရင် အာဆီယံဥက္ကဋ္ဌဟာ ဘရူးနိုင်းကနေ ကမ္ဘောဒီးယား လက်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။ အဲဒီတော့ ကမ္ဘောဒီးယားက မြန်မာနိုင်ငံစစ်ကောင်စီနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနေပါတယ်။ မြန်မာနိုင်ငံ စစ်ကောင်စီကိုလည်း သူတို့ အာဆီယံအစည်းအဝေးကို ဖိတ်ဖို့ သူက လောဆော်နေပါတယ်။ ဒီလိုလုပ်လာတာဟာ ကမ္ဘောဒီးယားရဲ့ နောက်ကွယ်မှာ တရုတ်ကများ တွန်းအားပေးနေသလားဆိုတာလဲ စဉ်းစားစရာ ဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ဒီမေးခွန်းအတွက် အဖြေကို ကျမ မသိပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ အာဆီယံနိုင်ငံတွေကြား သဘောထားကွဲနေတာပါ။ ပြည်တွင်းရေး ဝင်မစွက်ဆိုသူတွေနဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို လက်မခံသင့်ဘူးဆိုသူတွေ ကွဲနေကြတာပါ။ ဒါဟာ လာမယ့်နှစ်အတွင်း အာဆီယံအတွက် ပြဿနာတရပ်အဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အမေရိကန်နဲ့ ပတ်သက်လို့လဲ မေးခွန်းတခု မေးချင်ပါတယ်။ တလောတုန်းက Bill Richardson မြန်မာနိုင်ငံကိုသွားတယ်။ သူကတော့ ပုဂ္ဂိုလ်ရေး အစီအစဉ်နဲ့ သွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာတချို့က ဒီဟာကို သံသယ ရှိကြတယ်။ Bill Richardson ဟာ သူတို့နိုင်ငံသား သတင်းသမားကို ခေါ်ထုတ်သွားတယ်။ မြန်မာနိုင်ငံအတွက် ဘာမှအသံထွက်မလာဘူး။ ဒါ့အပြင် တနည်းအားဖြင့် သူဟာ အမေရိကန်ဘက်က မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရေး နည်းလမ်းရှာလေသလားလို့ တချို့က သံသယ ရှိကြပါတယ်။ ဒီကိစ္စကို Christina ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ Bill Richardson ဟာ ဒီခရီးစဉ် လာဖြစ်တဲ့အကြောင်းရင်း အများကြီးရှိမှာပါ။ အရင်တုန်းက သူဟာ အပြုသဘောဆောင်တယ်လို့ ယူဆတဲ့ ဝင်ရောက်စွက်ဖက်မှုတချို့ လုပ်ခဲ့ဖူးတာ ရှိပါတယ်။ ဒါမျိုးထပ်ပြီး ကြိုးစားကြည့်ချင်တဲ့သဘောလို့ ကျမ ထင်ပါတယ်။ ဒီအတွက် စစ်ကောင်စီနဲ့ စကားမပြောကြည့်ဘဲ စစ်ကောင်စီရဲ့ သဘောထားကို မသိဘဲ။ ဒါကိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အမေရိကန်အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေကို ရှောင်လွှဲပြီး ပုဂ္ဂိုလ်ရေးအရ နည်းလမ်းရှာကြည့်တာလို့ပဲ ထင်ပါတယ်။

မေး ။ ။ ကုလသမဂ္ဂ ကိုယ်စားလှယ် ရွေးချယ်ရေး ဆိုင်းငံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိဂုံးချုပ် မေးချင်တဲ့ မေးခွန်းကတော့ ဒီလိုကိုယ်စားလှယ် ရွေးချယ်မှု ဆိုင်းငံ့ခြင်း ခံရတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံ စစ်ကောင်စီနဲ့ တာလီဘန် အာဖဂန်နိစ္စတန်တို့ကို တပြိုင်တည်း ပြောထားတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ မြန်မာစစ်ကောင်စီနဲ့ တာလီဘန်တို့ကို တတန်းတစားထဲ သတ်မှတ်လိုက်တယ်ဆိုတဲ့ သဘောများလား။

ဖြေ ။ ။ သေချာတာကတော့ တာဘီဘန်တွေကို တရားဝင်အစိုးရအဖြစ် လက်မခံကြသလို၊ မြန်မာစစ်ကောင်စီကိုလည်း တရားဝင်အဖြစ် လက်မခံကြဘူးဆိုတာပဲ ဖြစ်ပါတယ်။ နောက်တချက် တာလီဘန်တွေဟာ အာဏာပြန်လည်ရရှိရေး ကြိုးပမ်းခဲ့တဲ့ နှစ်တွေအတွင်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကလည်း လွန်ခဲ့တဲ့ ဆယ်လတာအတွင်း လူတွေထောင်နဲ့ချီ သေဆုံးရလောက်အောင် ရက်စက်ကြမ်းကြုတ်ခဲ့ပါတယ်။ ဒါမျိုးတွေဟာ ကမ္ဘာ့ဘယ်နေရာမှာမှ တရားဝင်အစိုးရအဖြစ် ရှိမနေသင့်ပါဘူး။


==Unicode==


















XS
SM
MD
LG