ကရင်အမျိုးအသား အစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုတွေ လျော့လာနေတယ်လို့ လေ့လာချက် အသစ်တခုက ဖော်ပြလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်မှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု အပါအဝင် ထိုးစစ်တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေကိုလည်း ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနို်င်ငံရဲ့အရှေ့တောင်ပိုင်းမှာစစ်ကောင်စီ(စစ်အုပ်စုရဲ့အာဏာကျဉ်းမြောင်းလာခြင်း)ခေါင်းစဉ်နဲ့ အစီရင်ခံစာတခုကို ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ရက်က စက်တင်ဘာလ ၂၆ရက်နေ့ က ထုတ်ပြန်ရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်း ၂၄ ခုရှိပြီး စစ်ကောင်စီအနေနဲ့ စခန်းစွန့်ခွါသွားတာဟာ စခန်း ၃၈ ခုရှိတယ်လို့ဖော်ပြထားပါတယ်။ ဒီစခန်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာဒေသတွေက စခန်းတွေ ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ရက် ကပြောရေးဆိုခွင့်ရှိသူ စောလားကပေါ်က အခုလိုပြောပါတယ်။
"၆၂ ခုပေါ့နော် (စခန်း) တချို့ စစ်တပ်ကစခန်းတွေက စခန်းတွေကိုစွန့်ပြီးထွက်သွားတာ တချို့ကတော့တိုက်ခိုက်သိမ်းပိုက်ခံရတာပါ၊ ကေအန်ယူထိမ်းချုပ်နယ်မြေတွေဆိုတော့ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းပါမယ်၊ ကရင်ပြည်နယ်ဖာပွန်ဘက်ခြမ်းလည်းပါမယ်"
စစ်ကောင်စီအနေနဲ့ ထိုးစစ်တွေလည်းမလုပ်နိုင်တော့သလို ခံစစ်တွေလည်း ကျရှုံးတာတွေ ရှိနေတဲ့အတွက်လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေ လုပ်ခဲ့ကြောင်း ဒီအတွက် ၂နှစ်ကျော်အတွင်းအရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေလည်း ရာဂဏန်းနဲ့ ရှိခဲ့တယ်လို့ စောလားကပေါ်က ပြောပါတယ်။
"လေယာဉ်တွေနဲ့တိုက်လို့ ထိခိုက်သေဆုံး ဒဏ်ရာရတာက ၁၈၀ ကျော်လောက်ရှိတယ်၊ ၁၈၅ ဦးလောက်ရှိတယ် ဒါကတော့ လေယာဉ်နဲ့တိုက်ခိုက်တာကြောင့်ပေါ့နော်၊ ပြီးတော့ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထိခိုက် သေဆုံး ဒဏ်ရာရတာကတော့ ၄၀၀ ကျော်ရှိတယ်၊ ဒဏ်ရာရတာက ၃၄၀ကျော် သေဆုံးတာက ၈၈ ယောက်လောက်ရှိတယ်၊ လက်နက်ကြီးနဲ့ထိခိုက်တာပါ ကျနော်တို့မှတ်တမ်းအရပေါ့"
စစ်ကောင်စီဘက်အနေနဲ့ သူတို့ထိမ်းချုပ်ထားတဲ့နယ်မြေက ကျောင်းပေါင်း ၃၇၀ ကျော်လည်းလက်လွှတ်ခဲ့ရပြီး အဲဒီဒေသတွေမှာ ပညာရေးလုပ်ငန်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး ပညာရေးဌာနအုပ်ချုပ်မှုအောက်ကို ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ကေအန်ယူထိမ်းချုပ်နယ်မြေမှာရှိတဲ့ စာသင်ကျောင်းပေါင်း ၁၉ကျောင်း ဘုရားကျောင်း ၁၅ကျောင်းဘုန်းကြီးကျောင်း ၁၀ကျောင်း ဆေးပေးခန်း ၆ခုလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့လည်းဆိုပါတယ်။
အခုဆိုရင် ကေအန်ယူထိမ်းချုပ်ရာဒေသတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၆ သိန်း ၃ သောင်း ၇ထောင်ကျော်ထိရှိလာပြီး စစ်ဘေးရှောင်လူထုတွေအတွက်စားနပ်ရိက္ခာ ဆေးဝါးနဲ့ လိုအပ်ချက်တွေလည်းအများကြီးရှိနေတယ်လို့ ပြောသွားပါတယ်။
Your browser doesn’t support HTML5