ဖမ်းဆီးခံ ၈၈ ခေါင်းဆောင် ကိုဂျင်မီ အသက်အန္တရာယ် မိသားစု စိုးရိမ်ပူပန်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု။ (ဓာတ်ပုံ - Nilar Thein Facebook)

(Zawgyi / Unicode)

အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်မိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ အင်အားသုံး ဖမ်းဆီးခံရတာကြောင့် ထိခိုက်မှုတစုံတရာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

၈၈ ကျောင်းသားမျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) က နေအိမ်တအိမ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကိုဂျင်မီရဲ့ ဇနီးလည်းဖြစ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ မနီလာသိန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

“မနေ့ည ၉ နာရီနောက်ပိုင်းက မြောက်ဒဂုံက အိမ်တအိမ်မှာ အိမ်တံခါးတွေ ဖျက်ဆီးပြီးတော့ ဝင်ရောက်ဖမ်းဆီးတယ်လို့ ကျမတို့ သိရပါတယ်။”

ဖမ်းဆီးစဉ်မှာ အင်အားသုံးဖမ်းဆီးမှု ရှိခဲ့တာမို့လည်း ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့လည်း မနီလာသိန်းက ပြောပါတယ်။

“အဲဒီမှာတုန်းက ကိုဂျင်မီနဲ့ အတူနေတဲ့ သားနှစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ သူတို့ ပြန်ပြောပြချက်အရ ဟိုဘက်က အင်အားနဲ့လာတယ်ဆိုတဲ့အခါမှာ၊ ပြီးတော့ ဖမ်းဆီးသွားတယ်ဆိုတဲ့အခါမှာ ကိုဂျင်မီရဲ့ အသက်အန္တရာယ်ကိုတော့ ကျမတို့ စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက အခု နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးထားသမျှဟာ ကျမတို့ ပြန်ကြားတဲ့ သတင်းတွေအရ လုံးဝမကောင်းခဲ့ဘူး။ ကျမတို့ရဲဘော်တွေ သေဆုံးသွားတဲ့ သတင်းတွေ ကြားရတယ်။ ဖမ်းဆီးတဲ့ စစ်ကြောရေးကာလမှာ မတရားရိုက်နှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ပုံစံမျိုးစုံနဲ့ ကြုံတွေ့ရတယ်ဆိုတာကိုလည်း ကျမတို့ ကြားသိရတယ်။ အခု ကိုဂျင်မီပါသွားတဲ့ နောက်ပိုင်းအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အားလုံးကိုလည်း စစ်ကောင်စီက တာဝန်ယူ ဖြေရှင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အသက်အန္တရာယ်ကို အခုအချိန်မှာ ကျမတို့ အရမ်းစိုးရိမ်နေပါတယ်။”

ကိုဂျင်မီ ဖမ်းဆီးခံရတဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာ ဒီကနေ့မနက် လင်းအားကြီးအချိန်မှာ ပစ်ခတ်မှုတချို့ ရှိသလို ပိတ်ဆို့ရှာဖွေမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။ ဒါဟာ သူ့ကိုဖမ်းဆီးမှုနဲ့ ဆိုင်မဆိုုင်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ကိုဂျင်မီဟာ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၁၉၈၈ ကစလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတလျှောက် ပါဝင်ခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းဟောင်းလည်း ဖြစ်ပါတယ်။ အဲဒီနောက် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့အတူ ဒီကနေ့အထိ ဦးဆောင်နေသူ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်မှာ စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ စစ်ကောင်စီကနေ သူ့ကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆို ဝရမ်းထုတ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့စည်းတဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်း ဆွေးနွေးဟောပြောမှုတွေမှာလည်း သူ့ကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ကိုဂျင်မီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမယ့် ခုအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုမှု မရသေးပါဘူး။

Your browser doesn’t support HTML5

ဖမ်းဆီးခံ ၈၈ ခေါင်းဆောင် ကိုဂျင်မီ အသက်အန္တရာယ် မိသားစု စိုးရိမ်ပူပန်

-----------------------

(Unicode)








