ကိုးကန့်တပ်ဖွဲ့တည်ထောင်သူ ဦးဖုန်ကျားရှင်အတွက် စစ်ကောင်စီက အမှတ်တရပန်းခြင်းများပေးပို့ 

ကိုးကန့်အဖွဲ့တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင်ရဲ့ ဈာပနအခမ်းအနားကို စစ်ကောင်စီအဖွဲ့အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့ အမှတ်တရပန်းခြင်း။ (မတ်လ ၃၁၊ ၂၀၂၂/ ဓာတ်ပုံ- The Kokang Facebook)

[[Zawgyi/Unicode]]

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကိုတည်ထောင် သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင်ရဲ့ ရုပ်ကလာပ်ကို ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုတောင်းမြို့မှာ ဒီနေ့ ဂူသွင်း သဂြိုဟ်ပါတယ်။ စစ်ကောင်စီတပ် နဲ့ MNDAA ကြားမှာ ဒီလဆန်းပိုင်းအထိ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေရှိခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သလို တြိဂံတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးကလည်း ဈာပနအခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ရန်ကုန် ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်းကြားရှင်ရဲ့ ဈာပနကို မိုင်းလားမြို့မှာ မတ်လ ၂၉ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပခဲ့ပါတယ်။ မိုင်းလားမြို့ ကနေ ဦးဖုန်ကျားရှင်ရဲ့ ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ်မယ့် သင်္ချိုင်းမြေဆီ သယ်ယူသွားတဲ့အခြေအနေကို MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ခုလိုပြောပါတယ်။

“အခု ထွက်ခွာသွားပြီဗျ။ သူ့ရဲ့ သင်္ချိုင်းမြေကို ထွက်ခွာသွားပြီ။ မိုင်းလားကနေထွက်တာ။ ဒီနေ့မနက် ၉ နာရီ၊ ၉ နာရီခွဲဆိုတော့ မြန်မာအချိန် ၈ နာရီလောက်ပေါ့။ မြန်မာအချိန် ၁၁ နာရီမှာ အဲဒီမြေကို ရောက်မယ်လို့တော့ စီစဉ်ထားတာပေါ့နော။ အခုတော့ ပြီးဆုံးလောက်ပြီထင်တယ်။ ၁ နာရီခွဲ၊ ၁ နာရီခွဲကျော်ပြီကော။”

ဦးဖုန်ကျားရှင်ရဲ့ ရုပ်အလောင်းကို UWSA ဝတပ်ဖွဲ့ထိန်းချုပ်ရာ ဟိုတောင်းမြို့မှာ ဂူသွင်းမှာဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

“တောင်ပေါ် ပို့လိုက်ပြီ။ ဟိုတောင်းပေါ့။ ဝ နယ်လေ။ ၁၂ နာရီ ပြီးအောင်ပေါ့။ ၁၂ နာရီမတိုင်မီက သင်္ဂြိုဟ်ဖု့ိပေါ့။”

ကွယ်လွန်သူ ဦးဖုန်ကျားရှင်အတွက် စစ်ကောင်စီက ပန်းခြင်းတွေပေးပို့ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနဲ့ ချိတ်ဆက်ပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့က ဒီလိုပေါ့နော်၊ ဦးဖုန်ကျားရှင်ရဲ့ဈာပနမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အမှတ်တရ ပန်းခြင်း ပေးခဲ့တာရှိတယ်။ တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် တက်ရောက်တာရှိတယ်။ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့က ... ဒီနှစ်မှာ ငြိမ်းချမ်းရေးကို ဦးစားပေးပြီးလုပ်နေတယ်။ ငြိမ်းချမ်းရေးနှစ် ဖြစ်စေရမယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က တနှစ်ပြည့်မိန့်ခွန်းမှာကော၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်သူလူထုကို ပြောကြားတဲ့အထဲမှာရော ပါပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေ လုပ်ဆောင်ရခြင်း အကြောင်းကတော့ ငြိမ်းချမ်းရေးကို ရရှိနိုင်စေမယ့် အကြောင်းတရားတွေကို ကျနော်တို့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ EEO တွေနဲ့ လွတ်လွတ်လပ်လပ် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ ဆွေးနွေးလိုတယ်လို့လည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်ဗျ။”

MNDAA ကိုးကန့်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား အခုမတ်လ လဆန်းပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အခုချိန်ထိလည်း နှစ်ဘက် အပစ်အခတ်ရပ်စဲထားခြင်းမရှိပေမဲ့ စစ်ကောင်စီဘက်က တိုင်းမှူးအဆင့်အထိ ဈာပနအခမ်းအနားကို တက်ရောက်တာဖြစ်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ FPNCC ခေါင်းဆောင်တွေလည်း တက်ရောက်ပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဦးဖုန်းကြားရှင်ပေးခဲ့တဲ့ လက်နက်တွေကြောင့် AA အဖွဲ့ ဒီနေ့အခြေအနေ ရောက်လာတယ်ဆိုတာကို ဦးဖုန်းကြားရှင်ရဲ့ ဈာပနအခမ်းအနားမှာ အမှတ်တရပြောကြားခဲ့ပါတယ်။

“ကျနော်တို့ လူ ၂၆ ယောက်၊ သေနတ် ၁ လက်နဲ့စတင်ခဲ့တယ်။ ပထမဆုံးသော လက်နက် ၁၀၀ ကို ဦးဖုန်ကျားရှင်နဲ့ ကိုးကန့်ဗဟိုကော်မတီက ဆုံးဖြတ်ပြီး ကျနော်တို့ကို ကူညီဖူးခဲ့တယ်။ ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ တပ်ရင်းတရင်းကို လူ ၃၀၀ လောက်နဲ့ တပ်ရင်း ရာချီပြီးမှ ဖွဲ့စည်းပြီး မဟာမိတ်တွေနဲ့လက်တွဲပြီး တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်။

ကိုးကန့်နဲ့ AA အဖွဲ့ကြား နက်ရှိုင်းတဲ့ဆက်ဆံမှုရှိတယ်ဆိုတာ ပြသချင်တဲ့အတွက် ခုလို လူကိုယ်တိုင် လာရောက်တာလို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့ပါတယ်။ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF အပါအဝင် နိုင်ငံရေးပါတီနဲ့ တခြား အဖွဲ့အစည်းတွေကလည်း လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ကြပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကို တည်ထောင် သူ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင်ဟာ ဒီနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

သူဟာ ကိုးကန့်စော်ဘွားလက်ထက်မှာကတည်းက ကိုးကန့်ကာကွယ်ရေးတပ်ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ စော်ဘွား အာဏာစွန့်ခဲ့တဲ့နောက် အစိုးရကိုတော်လှန်ခဲ့ပြီး ၁၉၆၇- ၆၈ လောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ စည်းရုံးမှုအောက်မှာ ကိုးကန့်ဒေသတပ်မှူး ဖြစ်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး MNDAA ခေါ် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်ကို တည်ထောင်ခဲ့သလို မြန်မာစစ်အစိုးရနဲ့လည်း ငြိမ်းချမ်းရေး ရယူပြီး ရှမ်းပြည်မြောက် ပိုင်း အထူးဒေသ (၁) ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဦးဖုန်ကျားရှင်ဟာ နဝတစစ်အစိုးရလက်ထက်မှာ ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့သူဖြစ်ပေမယ့် နောက်ပိုင်း မူးယစ်ရာဇာ၊ လက်နက်မှောင်ခိုအဖြစ် စွပ်စွဲသတ်မှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာ MNDAA ကိုးကန့်တပ်ဖွဲ့ကို ဦးဖုန်ကျားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်နေပြီး ဦးဖုန်ကျားရှင် ကွယ်လွန်သွားပေမယ့် MNDAA အဖွဲ့ဟာ မူဝါဒပြောင်းလဲမှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး၊ ဖောင်းဆိုင် ဒေသဘက်မှာတော့ စစ်ကောင် စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ပြီးခဲ့တဲ့နှစ်လည်လောက်ကစတင်ပြီး ဒီလဆန်းပိုင်းအထိ တိုက် ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကိုးကန့်တပ်ဖွဲ့တည်ထောင်သူ ဦးဖုန်ကျားရှင်အတွက် စစ်ကောင်စီက အမှတ်တရပန်းခြင်းများပေးပို့

=============

[[Unicode]]




















=============