မြောက်ကိုရီးယားသံတမန် တောင်ကိုရီးယားမှာ လာရောက် ခိုလှုံ

မြောက်ကိုရီယားဘက်ကို တောင်ကိုရီးယားနယ်စပ်မှ လှမ်းကြည့်နေကြစဉ် (ဇူလိုင် ၂၁၊ ၂၀၂၃)

ကျူးဘားနိုင်ငံမှာ တာဝန်ကျနေတဲ့ မြောက်ကိုရီးယား အဆင့်မြင့် သံတမန်တဦး တောင်ကိုရီးယားဘက်ကို ခိုလှုံလာကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။​ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြောက်ကိုရီးယား အုပ်ချုပ်ရေးအဖွဲ့က ထိပ်တန်း တာဝန်ရှိသူတွေ ထွက်ပြေး လိုလှုံလာနေတဲ့အထဲက နောက်ဆုံး ခိုလှုံလာမှုလည်း ဖြစ်ပါတယ်။​

ကျူးဘားမှာ တာဝန်ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယားသံရုံးက နိုင်ငံရေးသံမှူးကြီး တောင်ကိုရီးဘက် ခိုလှုံလာတဲ့အကြောင်း သတင်း မီဒီယာတွေမှာ ဖော်ပြနေကြတဲ့အချက်ဟာ မှန်ကန်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIS) က ဒီကနေ့ အတည်ပြု ပြောဆိုပေမယ့် တခြား အသေးစိတ် အချက်အလက်တော့ ဖော်ပြထားခြင်း မရှိပါဘူး။

မြောက်ကိုရီးယား နိုင်ငံရေးသံမှူးကြီး Ri Il Kyu ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တောင်ကိုရီးယားမှာ လာရောက် ခိုလှုံခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာကြီးတစောင်ဖြစ်တဲ့ Chosun Ilbo မှာ ဒီကနေ့ ဖော်ပြထားတာပါ။​

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေအပေါ် မမျှတဲ့ ဆက်ဆံမှုနဲ့ နိုင်ငံရေးစံနစ်အပေါ် စိတ်ပျက်လာတဲ့အတွက် သူ့အနေနဲ့ တောင်ကိုရီးယားမှာ အခုလို ခိုလှုံဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း Chosun Ilbo သတင်းစာနဲ့ မေးမြန်းခန်းမှာ Ri Il Kyu ကိုယ်တိုင် ပြောဆိုထားတာကို ကိုးကား ဖော်ပြထားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မက္ကဆီကိုနိုင်ငံသွားပြီး အာရုံကြော ကုသမှုခံယူဖို့ တောင်းဆိုချက်ကိုလည်း နိုင်ငံခြားရေးဌာနက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။​ ကျူးဘားနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကြောင့် ကျူးဘား ဆေးရုံတွေမှာ သူ့ရောဂါ ကုသဖို့ လိုအပ်တဲ့ ဆေးပစ္စည်း အလုံအလောက် မရှိဘူးလို့ ဆိုပါတယ်။​

သူ တောင်ကိုရီးယားကို ခိုလှုံလာတဲ့အကြောင်း တခြား တောင်ကိုရီးယားသတင်းတွေမှာလည်း ဖော်ပြကြပါတယ်။​