ကျောက်မဲမြို့ တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှု ကန့်ကွက်ဆန္ဒပြ

ကျောက်မဲမြို့မှာ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Tai Freedom - Burmese Version - ဇူလိုင် ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ထိခိုက် သေဆုံးရတာနဲ့ ပတ်သက်လို့ တပ်မတော်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဒီကနေ့ ဆန္ဒပြတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက တိုက်ပွဲဖြစ်ပွားရာမှာ အရပ်သား တစ် ဦး သေဆုံးပြီး နှစ် ဦးဒဏ်ရာရခဲ့တာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့ မနက်ခင်းပိုင်း ၈ နာရီလောက်ကနေ ၁၀ နာရီကျော်လောက်အထိ ဆန္ဒပြခဲ့တဲ့ အခြေအနေကိုတော့ ကိုယ်တိုင်ပါဝင်ခဲ့သူတဦးက အခုလို ပြောပါတယ်။

“မြန်မာ့တပ်မတော်ကပေါ့ သူတို့ RCSS နဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်၊ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲနဲ့ သူတို့ ကျေးရွာထဲမှာ ရွာသူရွာသားတွေကို ထွက်ပြေးတယ်လို့ ပြောပြီး ပစ်သတ်တာရယ်။ နောက် ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းခေါ်ပြီးမှ နှိပ်စက်တာပေါ့နော် ... အဲဒါတွေကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြတာ။ သံဃာတော်ရယ်၊ ကျေးရွာနေ လူထုရယ် ပူးပေါင်းပြီးတော့ ဆန္ဒပြတာ။ ၁၀,၀၀၀ နီးပါးရှင့်။ တခြားလက်နက်ကိုင်၊ တခြား နိုင်ငံရေးပါတီ တစ်ခုမှ ပါဝင်စွက်ဖက်တာ မရှိဘူးရှင့်။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ခွင့်ပြုချက် ရအောင်ကူညီတာပေါ့။ ခွင့်ပြုမိန့်ဆိုရင်တော့ ဒီခွင့်ပြုမိန့်အတွက် ကူညီတာပဲ ရှိတယ်ပေါ့နော်။”

SEE ALSO: ကျောက်မဲရွာသား အသတ်ခံရမူအပေါ် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား

ဆန္ဒပြသူတွေဟာ တပ်မတော်က ရိုက်နှက်ပစ်သတ်ခံရသူများဆိုတဲ့ စာတမ်းနဲ့ ဓါတ်ပုံပိုစတာတွေကို ကိုင်ဆောင်ခဲ့ကြတာပါ။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလည်း ဆန္ဒပြသူတွေကို ရဲက တားမြစ်တာတွေ ရှိခဲ့ကြောင်း VOA ကို အခုလိုပြောပါတယ်။

“အဲဒီဆန္ဒပြတာကို ပထမ ခွင့်ပြုဖို့ ရှိတာပေါ့ ကျနော်တို့ ကြားရသလောက်က။ တရားဝင်လည်း စာတင်တာကို။ မနေ့ညက COVID အကြောင်းပြပြီးတော့မှ ခွင့်မပြုဘူးဆိုဖြစ်ပြန်ရော၊ အဲလို ခွင့်မပြုချင်တော့ ရွာလူထုကတော့ နောက်မဆုတ်တော့ဘူးလေ ခွင့်မပြုလည်း ပြမှာပဲ။ အဲလို ပုံစံဖြစ်သွားတာ။ ရဲက ဒီမနက်ကျတော့ မြို့ဝင် နှစ် နေရာ၊ Main လမ်းရယ်၊ ရန်ကင်းလမ်းရယ် သူတို့ သံဆူးကြိုးလေးနဲ့ သူတို့ လုံခြုံရေးယူပြီးတော့ ပေးမဝင်ဘူးပေါ့နော်။”

ရဲတပ်ဖွဲ့က တားမြစ်တာတွေ ရှိခဲ့ပေမဲ့ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးခဲ့တယ်လို့လည်း ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

“ဆန္ဒပြသမားတွေ လာတဲ့အချိန်မှာ သူတို့ မဝင်ဘူး၊ ဒီတိုင်းရပ်ပြီးကြွေးကြော်နေတယ်။ အဲဒီအချိန်မှာ ကျနော် ရောက်သွားတယ်။ ကိုယ်ကတော့ ပြဿနာဖြစ်မှာ ကြောက်လို့ သွားတာပေါ့နော်။ ဆိုတော့ကာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ လူအုပ်က များလာတယ်။ ကြွေးကြော်သံလည်း များလာတဲ့အခါကျတော့ ရဲကလည်း နောက်ပိုင်းကျ မထိန်းနိုင်ဘူး။ မထိန်းနိုင်တဲ့အခါကျ ရိုက်တာနှက်တာတော့ မရှိဘူး။ ရဲကတော့ လက်နက်မပါဘူး။ ဒီတိုင်း မထိန်းနိုင်တဲ့အချိန်က ဖွင့်လိုက်တယ်။ ဖွင့်လိုက်တော့ သူတို့ လိုချင်တဲ့နေရာ သူတို့ လှည့်ပြီးတော့မှ တန်းစီဆန္ဒပြပြီးတော့မှ သူတို့လည်း အေးအေးဆေးဆေး ပြန်ပြီးတော့မှ ပြီးသွားတာပေါ့နော်။”

SEE ALSO: ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်

ဒီနေ့ဆန္ဒပြပွဲမှာ ဒေသခံ ၂,၀၀၀ ကျော်ကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြဖို့ ဦးဆောင်ခဲ့သူတွေအဖြစ် ကျောက်မဲမြို့နယ် ဟဲကွီရွာနေ ဦးစိုင်းသန်းမောင်၊ ဦးဇောတိကနဲ့ ဦးအာလိယျတို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ နဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၈ တို့နဲ့ သက်ဆိုင်ရာဌာနတွေက အမှုဖွင့်အရေးယူသွားမှာဖြစ်ကြောင်းလည်း ဒီကနေ့ပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရာမှာ ဇွန်လ ၂၉ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ် ပန်ကျင်ကျေးရွာမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို လမ်းပြတစ်ဦး ရိုက်နှက်ခံရတယ်လို့ ဒေသခံတွေက ပြောဆိုကြသလို ကျောက်မဲမြို့နယ်က အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို မေတ္တာရပ်ခံထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲဖြစ်ပွားစဉ်မှာ လက်နက်ငယ်ထိမှန်တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပေမဲ့ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

Your browser doesn’t support HTML5

ကြောကျမဲမွို့ တိုကျပှဲအတှငျး အရပျသား ထိခိုကျသဆေုံးမှု ကန့ျကှကျဆန်ဒပွ

[Unicode Version]

ကြောကျမဲမွို့ တိုကျပှဲအတှငျး အရပျသား ထိခိုကျသဆေုံးမှု ကန့ျကှကျဆန်ဒပွ




SEE ALSO: လက်နက်ကိုင်ပဋိပက္ခကြောင့် ကျောက်မဲ နမ့်ဆန် ဒေသခံထိခိုက်မှု မြင့်မား







SEE ALSO: ကျောက်မဲ မိုင်းငေါ့ကျေးရွာထဲ လက်နက်ကြီးကျ

