မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား မိုင်းလက်နက် ထုတ်လုပ်အသုံးပြုမှုတွေရပ်တန့်ဖို့ ပုပ်ရဟန်း မင်းကြီးနဲ့ ကုလသမဂ္ဂအကြီးအကဲတို့က ဒီကနေ့ပဲ တိုက်တွန်းလိုက်ကြပါတယ်။ ကမ္ဘာတလွှား မိုင်းလက်နက်အသုံးပြုမှုတွေ တိုးလာနေချိန်မှာပဲ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတားဆီးရေး နိုင်ငံတကာပဋိဉာဉ်ဆိုင်ရာ ပဉ္စမအကြိမ်ညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတင်းစကားပါးလိုက်တာပါ။
မြေမြှုပ်မိုင်းအသုံးပြုမှုတားဆီးရေး နိုင်ငံတကာပဋိညာဥ်ကို လွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်က ကနေဒါနိုင်ငံ မှာကျင်းပခဲ့တဲ့ ညီလာခံကနေ စတင်ချမှတ်ခဲ့ပေမဲ့ ပြန်လည်အသုံးပြုနေတာတွေ၊ သတ်မှတ်ချက်ကို မလိုက်နာနိုင်တာတွေလည်း ရှိနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာကြဖို့၊ တချိန်တည်းမှာပဲ စာနာမှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးနဲ့ တခြားအထောက်အကူတွေ ပေးကြဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တာပါ။နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်တဲ့ သဘောတူညီချက်မှာ နောက်ထပ် တခြားနိုင်ငံတွေလည်း ပူးပေါင်းပါဝင်ကြဖို့လည်းပြောခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis က ညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မြေမြှုပ်မိုင်းတွေနဲ့ ကိုယ်တိုင် ဖောက်ခွဲတဲ့ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုတာတိုးလာနေပြီး လူသတ်လက်နက်တွေကြောင့် အရပ်သားတွေ အထူးသဖြင့်ကလေးတွေ ဆိုးဆိုးရွားရွား ဒုက္ခရောက်ကြရတယ်လို့လည်း ဖော်ပြခဲ့တာပါ။ သဘောတူညီချက်မှာ မပါဝင်ကြသေးတဲ့တိုင်းပြည်တွေ ပူးပေါင်းပါဝင်ကြဖို့နဲ့ မြေမြှုပ်မိုင်း ထုတ်လုပ် အသုံးပြုမှုတွေကို ချက်ခြင်းရပ်ဆိုင်းဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5