ဖယ်ခုံဒေသ ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ကြုံ 

ကရင်နီဒေသ (ကယားပြည်နယ်) နေရာတချို့ ‌သောက်ရေနဲ့ စားနပ်ရိက္ခာ အခက်ကြုံနေရ (မတ်၊ ၂၀၂၄)

တိုက်ပွဲကြောင့် လနဲ့ချီ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်အများစုဟာ သူတို့စစ်ဘေးရှောင်တဲ့ဒေသတွေမှာ ရရာအလုပ်လုပ်ကိုင်ရင်း စားဝတ်နေရေး ဖြေရှင်းရုန်းကန်နေကြရတာပါ။ အခုလို ရေရှားတဲ့ နွေရာသီမှာ အလုပ်အကိုင်မရှိလို့ စားရေးသောက်ရေး ပိုမိုကျပ်တည်းလာတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး ပြောပြမှာပါ။

တိုက်ပွဲကြောင့် လနဲ့ချီကြာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ခံတွေဟာ ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။

စစ်ပြေးဒုက္ခသည်အများစုက သူတို့စစ်ဘေးရှောင်တဲ့ဒေသတွေမှာ နေ့စားအလုပ်လုပ်ရင်း စားဝတ်နေရေးကို ရုန်းကန်ဖြေရှင်းနေရကြတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အခုလို နွေရာသီမှာ အလုပ်အကိုင်မရှိလို့ စားရေးသောက်ရေး ပိုမိုကျပ်တည်းလာတယ်လို့ ပင်လောင်းမြို့နယ်မှာ ခိုလှုံနေတဲ့ ဖယ်ခုံမြို့ ခံစစ်ဘေးရှောင်တစ်ဦးက အခုလို ပြောပါတယ်။

“အရင်တုန်းကပေါ့ဗျာ…မိုးရာသီနဲ့ ဆောင်းရာသီအဆက်မှာတော့ ရေလေးတွေ ဘာလေးတွေ ဖွံ့ဖြိုးသေးတယ်။ ဟိုထဲမှာ စိုက်ထားတဲ့ အသီးအနှံလေးတွေရှိတော့ နီးစပ်ရာ ရွာလေးတွေ သွားပြီးတော့ လုပ်ရကိုင်ရ တောင်းပြီးတော့ နေ့စားလေး လိုက်စားလို့တော့ အဆင်ပြေကြပါသေးတယ်။ အခုတော့ နွေရာသီရောက်သွားတဲ့အခါကြတော့ တောင်ပေါ်ဒေသဆိုတာက မိုးရွာမှအလုပ်လုပ်ကြရတာလေ အဲ့တော့ အလုပ်ကမရှိကြတော့ဘူး။ အခုတော့ စားရေးသောက်ရေးတော်တော်ခက်ကြပါတယ်။”

၂၀၂၃ ခုနှစ် နိုဝင်ဘာလ တလလုံး စစ်ဆင်ရေး စတင်ကတည်းက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘေးမကင်းတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖယ်ခုံမြို့ထဲမှာ နှစ်ဖက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပါ အသုံးပြုပြီး ခုခံတိုက်ခိုက်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြရတာပါ။ စစ်ပြေးဒုက္ခသည်အများအပြားက အဝတ်တထည် ကိုယ်တခု အသက်ဘေးလွတ်ကင်းအောင် ထွက်ပြေးလာကြတာကြောင့်လည်း ဘာပစ္စည်းမှ မပါကြပါဘူးလို့ ဆိုပါတယ်။ စစ်ဘေးရှောင်လာတာ အချိန်ကြာတာနဲ့အမျှ စားဝတ်နေရေး ပိုမိုကျပ်တည်း လာကြတာမို့ နေအိမ်ပြန်ကြတဲ့သူတွေ ရှိသလို အသက် အန္တရယ်ကင်းဖို့ ဦးစားပေးစဥ်းစားတယ်လို့ ဖယ်ခုံမြို့ ခံ စစ်ဘေးရှောင်က ပြောပါတယ်။

“တချို့ကြတော့လည်း ဟိုဟာ…နေရေးထိုင်ရေးတွေ အဆင်မပြေတဲ့အခါကျတော့ ကိုယ့်အိမ်ကိုပဲ ပြန်ပြီးတော့ နေမယ်၊ ကိုယ့်အိမ်ကိုပဲ ပြန်ပြီးတော့ သေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သေမထူးနေမထူးလည်း ပြန်တဲ့လူလည်း ရှိတယ်ဗျ။ ကျနော်တို့ အသက်ရှည်ရှည်တော့ နေချင်သေးတယ်။ မပြန်ရဲဘူး။ ဖြစ်သလိုတော့ နေမယ်ဗျာ နောက်ဆုံး ထမင်းကို တနပ်ပဲ စားရ စားရ အဲ့လို့ပဲ ကြိတ်မှိတ်ပြီးတော့ ခံစားပြီးတော့ နေတော့မယ်။”

နောက်ထပ် စစ်ဘေးရှောင်တဦးက ဘေးလွတ်ရာမှာ စားနပ်ရိက္ခာအကျပ်အတည်းဖြစ်နေသလို ဖယ်ခုံမြို့ထဲမှာလည်း ပြန်နေလို့ မလုံခြုံတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

“တချို့ကျတော့ အဲ့လိုပေါ့နော်၊ စားဖို့သောက်ဖို့ အဆင်မပြေတော့၊ ကိုယ့်အိမ်ကိုယ်နဲ့ သူများနေရာရတာအဆင်မပြေဘူးဆို တချို့လည်း ပြန်နေတဲ့လူတော့ ရှိတယ်လို့ ပြောတာပဲ ဒါပေမယ့် အဲ့ဘက်တွေမှာ ဖုန်းလိုင်းတွေက မမိ၊ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး။ ပြန်မနေတဲ့လူက များပါတယ်။ လုံးဝ အန္တရာယ်ရှိတဲ့နေရာ လုံးဝအဲဒီဘက်မှာ တောက်လျှောက်ဖြစ်တယ်လို့ ပြောတယ်။ တောက်လျှောက်ဖြစ်နေတယ်ဆိုတော့ အန္တရာယ်ရှိတဲ့ နေရာ ဘယ်သူမှ အဲဒီလိုသွားပြီးမနေတော့ဘူးလေ။”

စစ်ဘေးဒဏ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရှောင်တိမ်းနေကြရတာပါ။ သူတို့တိမ်းရှောင်လာတဲ့ နေရာတွေမှာလည်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲနဲ့ နယ်မြေမတည်ငြိမ်မှုကြောင့် စစ်ရှောင်တွေ တနေရာပြီး တနေရာ ပြောင်းရွှေ့ပြေးရှောင်နေကြသလို စားနပ်ရိပ်က္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

ဖယ်ခုံဒေသ ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ကြုံ