မလေးမှာ မြန်မာအလုပ်သမားတဦး အသတ်ခံရ

ပီနန်ကျွန်းအရှေ့မြောက်ပိုင်းက George Town မြို့မြင်ကွင်းတခု (၂၀၁၇)

မလေးရှားနိုင်ငံ ပီနန်ကျွန်းအရှေ့မြောက်ပိုင်းက George Town မြို့မှာ တနင်္ဂနွေနေ့က မြန်မာအမျိုးသားတဦးဟာ သူနဲ့တအိမ်ထဲ ငှါးရမ်းနေထိုင်သူ တဦးနဲ့ ရန်ဖြစ်ရာကနေ ဓါးနဲ့ထိုးခံရတဲ့အတွက် သေဆုံးသွားတယ်လို့ George Town ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသားဟာ ရင်ဘတ်၊ လက်မောင်းနဲ့ နောက်ကျောမှာ ဓါးဒဏ်ရာ ၅ ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး သူ့ရုပ်အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ ပီနန်ဆေးရုံကို ပို့ထားပါတယ်။

သေဆုံးသူဟာ ပီနန်မြစ်နားက Lebuh Sungai Pinang က အရက်ကုမ္ပဏီ တခုမှာ ကားမောင်းတဲ့ အလုပ်လုပ်သူ ဖြစ်မယ်လို့ ရဲက ပြောပါတယ်။ သေဆုံးသူကို တနင်္ဂနွေနေ့က သူအလုပ်လုပ်တဲ့ဆိုင်ရှိရာ ဝင်းထဲမှာတွေ့ခဲ့ရတာပါ။ သူ့ကို ဓါးနဲ့ ထိုးသူအပါအဝင် တခြား မြန်မာတွေနဲ့အတူ သူဟာ Siam လမ်းက ၂ ထပ် အဆောက်အဦးတခုမှာ ငှါးရမ်းနေထိုင်သူ ဖြစ်ကြောင်းလည်း ရဲရဲ့ ကြေညာချက်မှာ ဖေါ်ပြ ပါတယ်။

သူနဲ့အတူငှါးရမ်းနေထိုင်သူ မြန်မာ ၁၁ ဦးကို စစ်ဆေးမေးမြန်းဖို့ ရဲက ဖမ်းဆီးထားပြီး ဓါးနဲ့ ထိုးသူကတော့ ထွက်ပြေးသွားတာကြောင့် ရှာဖွေနေဆဲပဲလို့ ရဲက ပြောပါတယ်။ ဒီလူသတ်မှုအတွက် မျက်မြင် သက်သေ ၃ ဦးရှိပြီး တဦးကတော့ အခင်းဖြစ်ပွါးစဉ်က ဝဲဘက်လက်မှာ ဓါးဒဏ်ရာရခဲ့သူ ဖြစ်ပါတယ်။ လူသတ်သမား အသုံးပြုခဲ့မယ်လို့ ယုံကြည်ရတဲ့ဓါးကိုတော့ အခင်းဖြစ်ပွါးရာ နေရာမှာ တွေ့ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

မလေးမှာ မြန်မာအလုပ်သမားတဦး အသတ်ခံရ