ဒုက္ခသည်အရေး မလေးရှားရောက် မြန်မာတွေ ကုလရုံးရှေ့မှာ ဆန္ဒပြ

မြန်မာဒုက္ခသည်အရေး မလေးရှား UNHCR ရုံးရှေ့ဆန္ဒပြနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေအရေး ရုံးလုပ်ငန်းစဉ်တွေမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာဒုက္ခသည်တွေ ဒီကနေ့ အင်္ဂါနေ့မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။ မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

မြန်မာဒုက္ခသည် သောင်းနဲ့ချီ ရောက်နေတဲ့ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးမှုတွေတိုးလာချိန် UNHCR ဘက်က အကူအညီပေးရေး၊ အကာအကွယ်ပေးရေး ကိစ္စတွေကို တိုးပြီး လုပ်သင့်တယ်လို့ မြန်မာဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ကိစ္စတွေကိုတင်ပြဖို့ UNHCR ရုံးကို ဒီနေ့ မနက်ပိုင်းမှာ ဒုက္ခသည် အယောက် ၁၀၀လောက် စုဝေးပြီး ဆန္ဒထုတ်ဖော်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်လို့ အဲဒီမှာ ရှိခဲ့တဲ့ မြန်မာတချို့က ဗွီအိုအေကို ပြောပါတယ်။

မလေးရှားကို ရောက်လာသူတွေထဲမှာ နေရပ်ပြန်ဖို့ မဖြစ်နိုင်တဲ့ CDM တွေ၊ ဝန်ထမ်းတွေလည်း အများအပြား ရှိနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အင်းစိန်မြို့နယ်ရဲ့ ပါတီလူငယ်တဦးက ပြောပါတယ်။

" UN ရဲ့အကူအညီမရတာမျိုး၊ UN ရဲ့လုပ်ငန်းစဉ် ကြန့်ကြာတာမျိုးတွေ ရှိတယ်။ အဲဒါက ကျနော်တို့ရဲ့ အတွင်းစည်းထဲကို ရောက်လာတယ်ပေါ့၊ အနီးအနား အဝန်းအဝိုင်းထဲကို ရောက်လာတယ်။ UN ကထည့်သွင်းစဉ်းစားတဲ့ အချက်၇ချက်ထဲမှာ Voilence ဆိုတဲ့ အချက်တော့ပါတယ်။ သို့သော်ငြားလည်း မြန်မာပြည်က ထွက်ပြေးလာတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ CDMတွေ ဒီလူတွေက အသက်အန္တရာယ်ကို လုပြီးတော့ မလေးရှားကို ရောက်လာသော်ငြားလည်း ဦးစားပေးအနေနဲ့ ထည့်သွင်းစဉ်းစားပေးခြင်း မရှိဘူး။ process တွေက အရမ်းကြာတယ်။ ဒီကိစ္စကို တင်ပြချင်လို့ ကျနော်တို့ အဝန်းအဝိုင်းမှာရှိတဲ့သူတွေ ငါးယောက်လောက်စုပြီး ရိုးရိုးတန်းတန်း သွားတဲ့အချိန်မှာ လူက စုမိသလို ဖြစ်သွားတယ်ပေါ့နော်။"

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချင်းဒုက္ခသည် ၃၀၀လောက်က UNHCR ရုံးရှေ့မှာ ဆန္ဒပြခဲ့ပါသေးတယ်။ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကိစ္စ၊ ဥပဒေပိုင်းဆိုင်ရာ အရေးပေါ် အကာအကွယ်ပေးရေး ကိစ္စတွေကို UNHCR က လျစ်လျူရှုခဲ့ကြောင်း မလေးရှား ချင်းဒုက္ခသည်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ မြန်မာအဖွဲ့အစည်းတချို့လည်း ဒီကနေ့ တောင်းဆိုမှုမှာ ပါဝင်ခဲ့တယ်လို့ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" လူ ၁၀၀ကျော်လောက် ရှိပါတယ်ဗျ၊ သူတို့နောက်မှာတော့ မြန်မာ့အရေးကို ဆောင်ရွက် လှုပ်ရှားနေသူတွေ ဦးဆောင်ဝန်းရံပေးတယ်ပေါ့။ အဓိကတော့ မြန်မာနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ CDMတွေကို မလေးရှားမှာရှိတဲ့ UN အဖွဲ့အစည်းကနေပြီးတော့ ဒုက္ခသည် process အောက်ကိုရောက်ဖို့ ဆောင်ရွက်တာတွေနှေးတယ်၊ လျစ်လျူရှုခြင်း ခံရတယ်၊ အဲလိုဖြစ်စဉ်တွေ များလာတော့ ဒီနေ့သွားပြီး တောင်းဆိုတဲ့သူတွေက ဦးဆောင်ပြီးလုပ်ကြတဲ့ ကိစ္စလေးပေါ့ဗျာ။"

မလေးရှားနိုင်ငံက UNHCR မှာ ဒုက္ခသည်နဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားတဲ့ မြန်မာနိုင်ငံသား အရေအတွက်က အခု ဩဂုတ်လအထိ ၁၆၉,၀၀၀ လောက်ရှိပါတယ်။ ဒီထဲမှာ ၁၁၀,၀၀၀ ကျော်က ရိုဟင်ဂျာတွေဖြစ်ပြီး၊ ကျန်တဲ့အရေအတွက်ကတော့ ပဋိပက္ခဒေသက ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ UNHCR က သြဂုတ်လက ထုတ်ပြန်ထားပါတယ်။