သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထဲ မအပ်ဖို့ အိန္ဒိယရောက် ဖမ်းဆီးခံ မြန်မာတွေ တောင်းဆိုဆန္ဒပြ


ယခင်မှတ်တမ်းရုပ်ပုံ | တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြရသူ မြန်မာများ (နိုဝင်ဘာ ၂၀၂၁)

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံဖက် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေး စိုးရိမ်တဲ့အတွက် မဏိပူရ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဒါဇင်ကျော် အစာငတ်ခံဆန္ဒပြနေကြပါတယ်။ စစ်ဘေးရှောင်ရင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်ထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာတွေထဲက ထောင်ဒဏ်ရက်စေ့ပြီးတဲ့ ၂၈ယောက်ကို နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ပြန်ပို့ဖို့ ပြည်နယ်အစိုးရက စီစဉ်နေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြနေကြတာပါ။ အိန္ဒိယရောက် မြန်မာတွေ အစာငတ်ခံ ဆန္ဒပြတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

အိန္ဒိယ မဏိပူရ်ပြည်နယ်၊ အင်ဖါအကျဉ်းထောင်မှာ နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာတွေထဲက ၂၈ယောက်ကို ပြည်နယ်အစိုးရက မြန်မာစစ်ကောင်စီဘက်ကို မကြာခင်မှာ လွှဲပြောင်းပေးဖို့ ရှိနေပါတယ်။ သူတို့အများစုဟာ လူငယ်တွေဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရှောင်တိမ်းရင်း အိန္ဒိယဘက်ကို ရောက်လာကြတာဖြစ်လို့ ပြန်ပို့မဲ့အစီအစဉ်ကို လက်မခံဘဲ မနေ့က တနင်္ဂနွေနေ့ကစပြီး အားလုံး အစာအငတ်ခံ ဆန္ဒပြနေကြတာပါ။ ဗွီအိုအေက လက်ခံရရှိတဲ့ အင်ဗာထောင်ကနေ ပေးပို့လာတဲ့ အစာအငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားအကျဥ်းသားတဦးရဲ့ အသံဖိုင်မှာတော့-သူတို့ ဆန္ဒပြနေတာကို ပြည်နယ်အာဏာပိုင်တွေဘက်က တုံ့ပြန်မှုမရှိသေးဘူးလို့ ပြောပါတယ်။

" ကျနော်တို့ တောင်းဆိုတာက ဒီထောင်ကနေ (မဏိပူရ်ပြည်နယ်) မိုးရေးမြို့ကို ပို့ပေးဖို့၊ မြန်မာနိုင်ငံကို မလွှဲဖို့၊ မီဇိုရမ်ကိုဖြစ်ဖြစ် လွှဲပေးဖို့။ ဒီအချက်တွေကို ဦးတည်ပြီး အစာအငတ်ခံ နေကြတာပါ။ အခုလည်း ကျနော်တို့ အစာအငတ်ခံပြီး ဆန္ဒပြနေတယ်၊ ဒါပေမဲ့ SP (ရဲအရာရှိ) လည်း မလာဘူး၊ လူကြီးနဲ့ပတ်သက်လို့ ဘာမှမလာဘူး။"

တနင်္ဂနွေနေ့ နေ့လည် ၂နာရီလောက်ကတည်းက အကျဥ်းထောင်ထဲမှာ အစာအငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ လက်ရှိ မဏိပူရ်ပြည်နယ် အင်ဖါအကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံရသူတွေဟာ UNHCR အကူအညီရဖို့ မြို့တွေကိုသွားရင်း လမ်းမှာ ဖမ်းဆီးခံရတာ၊ တချို့ကတော့ မဏိပူရပြည်နယ်က ဒုက္ခသည်စခန်းတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး စာရွက်စာတမ်း အတုကိုင်ဆောင်မှု စတာတွေကို အကြောင်းပြုပြီး အိန္ဒိယနိုင်ငံရဲ့ Foreigner Act နဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒါတွေဟာအိန္ဒိယ ဗဟိုအစိုးရက ပြည်နယ်အစိုးရတွေအပေါ် ဖိအားပေးမှုတွေက အဓိကဖြစ်ကြောင်း နယူးဒေလီအခြေစိုက် India for Myanmar အရပ်ဘက်အဖွဲ့ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဆလိုင်းဒိုခါရ်က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံ ဒုက္ခသည် (refugee) တွေကို လက်မခံဖို့ဆိုပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေကို ဖိအားပေးတဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်ကတော့ ဗဟိုအစိုးရရဲ့ဖိအားကို လွန်ဆန်ပြီးတော့မှ မြန်မာနိုင်ငံသားတွေကို ကူညီတာပေါ့နော်။ သို့သော် မဏိပူရ်ပြည်နယ် အစိုးရကတော့ အဲလို အစိုးရရဲ့ ဖိအားတွေကြုံတာနဲ့ ချက်ချင်း မြန်မာနိုင်ငံသားတွေကို စတင်ဖမ်းဆီးတာ လုပ်တာပေါ့နော်။ ဖမ်းဆီးတဲ့ အရေအတွက်နဲ့ ပြောမယ်ဆိုရင် ၇ကြိမ်လောက်ရှိတယ် မှတ်တမ်းအရပေါ့နော်။ ဖမ်းဆီးခံရသူ အများထဲမှာတော့ တချို့ကတော့ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စားဝတ်နေရေးအတွက် စီးပွားရှာရင်း မဏိပူရ်ကို ရောက်ရှိလာသူတွေကို အလုပ်လုပ်နေတဲ့ အလုပ်ရုံတနေရာမှာ ဝင်ဖမ်းတာရှိသလို အများစုကတော့ စစ်ဘေးလာရှောင်တဲ့ သူတွေပေါ့နော်။"

India for Myanmar အဖွဲ့ကိုယ်တိုင်လည်း မဏိပူရ်က ထောင်ထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။ မကြာသေးခင် ရက်သီတင်းပတ်တွေအတွင်း အကျဉ်းသား ၇၆ယောက်ကို အိန္ဒိယဘက်က အတင်းအကျပ် မြန်မာဘက်ကို ပြန်ပြီးလွှဲပြောင်းပေးခဲ့တာပါ။ သူတို့အများစုကတော့ မဏိပူရ်ဘက်မှာ ရွှေ့ပြောင်း အလုပ်လုပ်ရင်း နှစ်အတန်ကြာကတည်းက ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဆလိုင်းဒိုခါရ်က ဆိုပါတယ်။ လက်ရှိထောင်ထဲမှာ မြန်မာအကျဥ်းသား ၁၆၀ နီးပါးရှိနေပြီး အဲဒီထဲက အယောက် ၁၀၀ နီးပါးဟာ ချင်းလူမျိုးတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အစာငတ်ခံဆန္ဒပြသူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းထွက်ပြေးလာသူတွေဖြစ်ပြီး သူတို့ကို မြန်မာဘက်ပြန်မပို့ရေး မျှော်လင့်နေတယ်လို့လည်း ဆလိုင်းဒိုခါရ်က ဆိုပါတယ်။

Forum

XS
SM
MD
LG