သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာဒုက္ခသည်များ အခြေချရေးအစီအစဉ် ပြန်လည်စတင်ဖို့ ပြင်ဆင်နေ


ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ တဲများ။ (ဓာတ်ပုံ ဗွီအိုအေ)
ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ တဲများ။ (ဓာတ်ပုံ ဗွီအိုအေ)

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေ တတိယနိုင်ငံအခြေချရေးအစီစဉ်တွေပြန်လည်စတင်တော့မှာဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC ကပြောပါတယ်။ ဒီထဲက ဘန့်ဒုံယမ်းနဲ့ထမ်ဟင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို စတင်ပို့ဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်ဆယ်စုနှစ် ၂ ခုကျော်ကြာနေထိုင်နေရတဲ့ ဒုက္ခသည်တွေကတော့ မျှော်လင့်ချက်အားနည်းနေတယ်လို့ လို့ဆိုပါတယ် ။ဒီသတင်းကိီုဗွအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ် ၂ ခု ကျော်ကြာ နေထိုင်နေရတဲ့ဒုက္ခသည်တွေကို တတိယနိုင်ငံကို သွားရောက်အခြေချနေထိုင်ရေး အခု ဇွန်လမှာစတင်ခေါ်ယူတော့မယ်လို့ ကရင်ဒုက္ခသည်များကော်မတီကနေ သိရပါတယ်။ ဒီအခြေအနေပေါ်မှာ မျှော်လင့်ချက်တော့ သိပ်မထားတော့ဘူးလို့ ဒုက္ခသည်စခန်းမှာ ၁၆ နှစ်ကြာ နေထိုင်နေရတဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းကတော့ ကျနော်တို့ကိုလုပ်ပေးသွားတဲ့စာရွက်က အမေရိကန်ကနေ ဒုက္ခသည်တွေ ၇ သောင်း ၈ သောင်းထိခေါ်မယ်ပြောခဲ့တယ်။ အဲဒီတော့ ကျနော်တို့က UN ရုံးတွေကို သွားမေးတယ်။ ဒါပေမယ့် လက်ရှိတာဝန်ရှိသူတွေက ကျနော်တို့ကိုဖြေကြားတာ။ တိကျတဲ့အဖြေကိုတော့ဘယ်သူမှ မပြောနိုင်ကြဘူး။ မျှော်လင့်ချက်မဲ့သလိုဖြစ်။ မြန်မာပြည်ကြီးက ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့လည်း ဒီဒုက္ခသည်စခန်းထဲမှာ ခိုလှုံလာတာ ၁၆ နှစ်လောက် အချိန်ကာလနေလာရတာတော့ မျှော်လင့်ချက်ကဘယ်လောက်မဲ့လဲဆိုရင် ကျနော်တို့ဘဝတွေက ဒီမှာပဲ အဆုံးသတ်ရတော့မလား၊ ကျနော်တို့ရှေ့မှာ စိတ်ဓါတ်ကျပြီးသေဆုံးသွားသူတွေ၊စိတ်ကျပြီး ကိုယ့်ဖာသာသတ်သေသူတွေ ကျနော်တို့ရှေ့မှာတွေ့ရတယ်။အဲဒါဖြစ်ရပ်မှန်တွေပဲ။"

ဒီအစီစဉ်တွေဖြစ်လာပေမယ့် မျှော်လင့်မထားရဲဘူးလို့ နို့ဖိုးဒုက္ခသည်စခန်းကို အသက်တနှစ်အရွယ်ကရောက်လာပြီး လက်ရှိ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ ဒုက္ခသည်ကလေးတဦးကလည်း ပြောပါတယ်။

"၂၀၀၇, ၂၀၀၈ လောက်ကတည်းက သမီးတို့ နေလာတာ။ အခု သမီး အသက် ၁၈ နှစ်ရှိသွားပြီ။ တတိယနိုင်ငံကိုသွားရမယ် ပြောလိုက်၊ မသွားလိုက်ရ။ သွားရမယ်ပြောလိုက် မသွားရနဲ့။ အခုတတိယနိုင်ငံသွားရမယ်ဆိုတဲ့အစီစဉ်ပေါ်မှာ ခံစားချက်မရှိတော့ဘူး။"

ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်လို့ ဒုက္ခသည်စခန်းအတွင်း ကိုယ်ထူကိုယ်ထကျောင်းလေးတွေမှာကျောင်းထားနိုင်တဲ့သူတွေရှိသလို ကျောင်းမထားနိုင်တဲ့သူတွေလည်းရှိပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းတွေဖြစ်တဲ့အတွက် တနှစ်စာကို ဘတ် ၅၀၀ လောက်ကနေ ၁,၀၀၀ ကျော်ထိ ပေးရပါတယ်။ ဒီငွေကြေးကိုမပေးနိုင်တာကြောင့်ကော စားဝတ်နေရေးအတွက်အလုပ်လုပ်ကိုင်ကြတဲ့အတွက် လူငယ်တွေဟာ လမ်းမှားရောက်တာတွေလည်းဖြစ်ခဲ့ရတယ်လို့ စခန်းက ဆယ်ကျော်သက်အရွယ် လူငယ်တဦးကပြောပြပါတယ်။

"ကလေးေတွက လမ်းမပေါ်မှာပဲကြီးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်တွေကျကြတယ်။ စီးပွားရေး၊ စားဝတ်နေရေးအဆင်မပြေတော့ လူငယ်တွေက ကျောင်းမထွက်ဘဲ အလုပ်ထွက်လုပ်တယ်။ ပြောင်းချိုးတယ်၊ စိုက်ပျိုးရေးတွေလုပ်ကြတယ်။ အဲဒီ ဘတ်၂၀၀ ကနေ ၃၀၀ လောက်ထိရတယ်။ တချို့ကျတော့ ကောင်းရောင်းကောင်းဝယ်မလုပ်ကြဘူး။ ဆေးခြောက် မူးယစ်ဆေးရောင်းတာတွေလုပ်ကြပြီးရ ပ်တည်ကြတယ်။ ကျောင်းမတက်တဲ့လူငယ်တွေကလည်း မူးယစ်ဆေးဝါးစွဲတာတွေဖြစ်လာတယ်။"

ထိုင်း-မြန်မာဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့သူတွေကို တတိယနိုင်ငံမှာအခြေချနေထိုင်ဖို့အတွက် ဆယ်စုနှစ်တခုကျော်ကြာ ရပ်နားထားပြီးမှ ၂၀၂၃ ခုနှစ်မှာပြန်လည်စီစစ်တာတွေလုပ်ခဲ့ပါတယ်။ ဒီထဲမှာ အများစုက ဆယ်စုနှစ်တခုကျော်ထိ နေထိုင်နေရတဲ့ဒုက္ခသည်တွေပါဝင်ပြီး ဆယ်စုနှစ်၂ ခုကျော်ထိ ဘယ်မှ မသွားရသေးတဲ့ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။"

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်ဒုက္ခသည်စခန်းတွေကတော့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်ဟင်တို့ဖြစ်ပြီး ကရင်နီစခန်းတွေကတော့ အမှတ် (၁)၊ (၂) ဆိုပြီး ၂ ခု ရှိပါတယ်။ အဲဒီစခန်း ၉ ခုမှာ ဒုက္ခသည်တသိန်းနီးပါး ခိုလှုံနေထိုင်နေကြပါတယ်ရှင်။


🌐 🌐

Forum

XS
SM
MD
LG