မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာ့အရေးဆွေးနွေး

မြန်မာ့အရေးဆွေးနွေးခဲ့ကြတဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim (အလယ်-ဝဲ) နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Sinawatra (အလယ်-ယာ) (ဖေဖော်ဝါရီ ၂၊ ၂၀၂၅)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းက ဖော်ပြပါတယ်။ မနေ့၊ တနင်္ဂနွေနေ့က တွေ့ဆုံရာမှာ လက်ရှိ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ ကြောင်း ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

မလေးရှားနိုင်ငံ ကွာလာလမ်ပူက ဆွေးနွေးမှုမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo လည်း နောက်ပိုင်းမှာပါဝင်ခဲ့ကြောင်း Facebook လူမှုကွန်ရက်မှာ ဖော်ပြခဲ့တဲ့ တွေ့ဆုံမှုသတင်းကို ကိုးကားထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံ တာဝန်ယူပြီးတဲ့နောက်ပိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားဝန်ကြီးချုပ်က ပုဂ္ဂိုလ်ရေး အကြံပေးအဖြစ် တာဝန်ပေးထားတာပါ။မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို အဆုံးသတ်စေရေးနဲ့ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့လက လန်ဂါဝီမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အာဆီယံက စစ်ကောင်းစီကို တွန်းအားပေးမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အကျပ်အတည်းတွေ ဖြေရှင်းရေး အာဆီယံက ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမဲ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ကောင်စီ တာဝန်ရှိသူတွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်လည်း တားမြစ်ထားပါတယ်။

Your browser doesn’t support HTML5

မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာ့အရေးဆွေးနွေး