မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ ပြီးခဲ့တဲ့လက အသတ်ခံရသူ ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဖေတူ အမေကွဲအကို Kim Jong Nam ဖြစ်တယ်ဆိုပြီး ဘယ်လို ဆန်းစစ်သိရှိသလဲ ဆိုတာကိုပြောဖို့ မလေးရှားရဲချုပ်က ဒီကနေ့ ငြင်းပါတယ်။
Kim Chol အဖြစ် အရင်ကပြောနေကြသူဟာ Kim Jong Nam ဖြစ်တယ်ဆိုတာကို မလေးရှားရဲချုပ် Khalid Abu Bakar က ဒီကနေ့မှာ အတည်ပြုလိုက်တာပါ။ အလောင်းကို မလေးရှား ကျန်းမာရေးဌာနကို လွှဲပေးတော့မယ်လို့လဲ သူကဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှားတက်ကြွလှုပ်ရှားသူ တဒါဇင်လောက် ကွာလာလမ်ပူမြို့တော်က မြောက်ကိုရီးယားသံရုံးရှေ့မှာ ဒီကနေ့စုဝေးပြီး နှစ်နိုင်ငံကြား တင်းမာနေတာကို လျှော့ချဖို့ တောင်းဆိုကြပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ Kim Jong Nam သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ပြီးကတည်းက နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာနေတာ ပါ။ မြောက်ကိုရီးယားသူလျှိုတွေက သိမ်းသွင်းထားတဲ့ အမျိုးသမီးနှစ်ဦးက အာရုံတွေ ထိခိုက်ပျက်စီးသေဆုံးစေတဲ့ VX ဓာတု အဆိပ်ကိုသုံးပြီး Kim Jong Nam ကိုသတ်လိုက်တာလို့ မလေးရှားအာဏာပိုင်တွေက ပြောထားပါတယ်။ လုံခြုံရေးကင်မရာတွေ ကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာတွေ့ရတဲ့ အမျိုးသမီးနှစ်ဦးကိုလဲ ဖမ်းထားပြီး လူသတ်မှုနဲ့ တရားစွဲထားပါတယ်။
မြောက်ကိုရီးယားက သူတို့နဲ့မပတ်သက်ဘူးလို့ ငြင်းထားပြီး မလေးရှားဟာ မြောက်ကိုရီးယား ရဲ့ ရန်သူတွေနဲ့ ပူးပေါင်းကြံစည်နေ တယ်လို့ စွပ်စွဲထားပါတယ်။
Your browser doesn’t support HTML5
Kim Jong Nam ရုပ်အလောင်း မလေးရှား ကျန်းမာရေးဌာနကို လွဲှပြောင်းမည်