မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေကြေ မှုတွေ ကြုံနေရတာကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း ပြောပါတယ်။
နွားထိုးကြီးမြို့နယ်က စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
နွားထိုးကြီးမြို့ အရှေ့ဘက် ၆ မိုင်အကွာက ဒေါင့်ဘိုးကျေးရွာကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း နွားထိုးကြီးမြို့နယ်အပိုင်ထဲက မိုင်တိုင် ၃၁၈ လမ်းပိုင်းမှာ ဖြတ်သန်းသွား လာတဲ့ မော်တော်ယာဉ်တွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက တားစီးစစ်ဆေးတာတွေ ရှိခဲ့ပြီးနောက် ညနေဘက်မှာပဲ ဒေါင့်ဘိုးကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။
ဒေါင့်ဘိုးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေကို နွားထိုးကြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
"ဒေါင့်ဘိုးရွာကို ဗုံးကြဲသွားတာပေါ့နော်။ လေယာဉ်နဲ့ ကြဲသွားတာ။ လင်မယား ၂ ယောက် သေသွား တယ်။ ပွဲချင်းပြီးသေသွားတာ။ နွားတွေလည်း သေသွားတယ်။ လေကြောင်းတိုက်ခိုက်မှုက နွားထိုးကြီး နယ်ထဲမှာ အမြဲတမ်းလိုလို သူတို့ လော်ဘီတွေက ဟိုပြောဒီပြော လျှောက်ပြောတာနဲ့ အကုန်လျှောက် လုပ်နေတာပါပဲ။ အမြဲတမ်းရှိပါတယ်။ ဘာကြောင့် ညာကြောင့်ရတယ်တော့ မဟုတ်ဘူးရယ်။"
ဒေါင့်ဘိုးရွာ လေကြောင်းက တိုက်ခိုက်မခံရခင် ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ သွားလာနေတဲ့ ယာဉ်တွေကို မိုင်တိုင် ၃၁၈-၆ဖာလုံအနီးမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက တားဆီးစစ်ဆေးခဲ့ပြီး အသိပေးတာတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
"စစ်ကောင်စီတပ်သားတွေက အမြဲတမ်း ကားတွေနဲ့ အမြဲဖြတ်သွားနေတာဆိုတော့ သူတို့နောက်ကနေ ကပ်မလိုက်ဖို့ရယ်၊ နောက်တခုက တော်လှန်ရေးကာလမှာ မလိုအပ်ဘဲ ခရီးသွားလာတာတွေ သိပ် မလုပ်ဖို့ရယ်။ အဲ့လမ်းပေါ်က အချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ ဟိုဘက်ဒီဘက် တားပြီးမှ လုပ်တာဆိုတော့ အဲ့လိုတားလို့ရှိရင် ကြည်ကြည်ဖြူဖြူလက်ခံပြီးတော့ သွားမယ့်ခရီးကို နားပေးဖို့ပေါ့ အဲ့လိုမျိုး။"
ဒီဇင်ဘာလထဲမှာ နွားထိုးကြီးမြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ များလာ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေထိခိုက်မှုတွေ ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်နေကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"ဗုံးခိုကျင်းတွေ တူးထားရတယ်။လေယာဉ်သံကြားရင် ကြောက်လန့်နေကြပြီး လေယာဉ်သံကြားရင် အလုပ်မလုပ်ရဘဲ ဗုံးခိုကျင်းထဲဝင်ရခိုရ ပုန်းနေရတာပေါ့။"
ဒီဇင်ဘာလအစကစလို့ နွားထိုးကြီးမြို့နယ်ထဲကို စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
နွားထိုးကြီးမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် မန္တလေးတိုင်းအတွင်းက စစ်ရေးနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား သေကြေထိခိုက်မှုတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက သတိပေးထားပါတယ်။
Your browser doesn’t support HTML5