အမေရိကန်နိုင်ငံရဲ့ ယာယီ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ Patrick Shanahan ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ် အဆိုပြု လျာထားခံရာကနေ ရုပ်သိမ်း နုတ်ထွက်သွားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
Patrick Shanahan နေရာမှာ အမေရိကန်ကာကွယ်ရေးဌာန စစ်ဘက်ဆိုင်ရာဝန်ကြီး Mark Esper ကို အစားထိုး တာဝန်ပေးသွားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ Mark Esper ဟာ လက်ရှိ ရာထူးနေရာမှာ ၂၀၁၇ ခုနှစ်၊ နိုဝ်ဘာလ ကတည်းက တာဝန် ထမ်းဆောင်နေခဲ့တာပါ။ အဲဒီ မတိုင်ခင်ကတော့ ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ အဓိက ကန်ထရိုက် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Raytheon Company မှာ ၇ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီးအသစ်အဖြစ် Patrick Shanahan ကို ခန့်အပ်ဖို့ အမေရိကန် အထက်လွှတ်တော်က အတည်မပြုဘူးဆိုရင် MarkEsper ဟာ ကာကွယ်ရေးဝန်ကြီး ဖြစ်နိုင်တယ်လို့ ယခင်ကတည်းက ခန့်မှန်းထားကြတာပါ။
Patrick Shanahan က မိသားစုနဲ့ အတူ နေချိန် ပိုရချင်လို့ လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ Patrick Shanahan နဲ့ သူ့ရဲ့ ယခင် ်အိမ်ထောင်အကြား ၉ နှစ်ကြာ အိမ်တွင်းရေးဆိုင်ရာ အငြင်းပွားနေတဲ့ ကိစ္စကို အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျိူရိုအဖွဲ့ FBI က စုံစမ်း စစ်ဆေးနေတယ်လို့လည်း USA Today နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေမှာ ဖော်ပြ ပါရှိခဲ့ပါတယ်။ Patrick Shanahan ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလို့ သူ့ရဲ့ ယခင် အိမ်ထောင် ဖမ်းဆီးခံခဲ့ရသလို သီးခြား အဖြစ်အပျက် တစ်ခုမှာ တော့ သူ့ရဲ့သားက အမေဖြစ်သူကို ဘေ့စ်ဘော ရိုက်တံနဲ့ ရိုက်လို့ အဖမ်းခံခဲ့ရတယ်လို့ ပါရှိပါတယ်။ အခုလို Patrick Shanahan ကာကွယ်ရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရာကနေ နုတ်ထွက်တဲ့ အချိန်ဟာ အမေရိကန်နဲ့ အီရန်တို့အကြား ဆက်ဆံရေး တင်းမာနေချိန်လည်း ဖြစ်နေပါတယ်။
Your browser doesn’t support HTML5