သတင်းမီဒီယာတချို့ စစ်တပ်နဲ့ပေါင်းဖို့ ဖိအားပေးခံရ

Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

{{Zawgyi/Unicode}}

မြန်မာနိုင်ငံက သတင်းမီဒီယာလုပ်ငန်းတချို့ကို စစ်တပ်နဲ့ဆိုင်တဲ့သတင်းတွေ ရေးပေးဖို့နဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်နေတာနဲ့တချိန်ထဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိအားပေးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

အရပ်သားအစိုးရဆီကနေ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကောင်စီက သတင်းလုပ်ငန်းကြီး ၅ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ပိတ်ပင်လိုက်တာအပါအဝင် သတင်းလုပ်ငန်းတွေကို ထိန်းချုပ်ဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။

သတင်းသမားတွေ သတင်းရယူနေချိန်မှာ ဖမ်းဆီးအရေးယူတာ၊ သတင်းမီဒီယာတိုက်တွေကိုဝင်ရောက် စီးနင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ တချို့ သတင်းဌာနတွေကို စစ်တပ်နဲ့ ပူးပေါင်းဖို့ ပြောဆို တိုက်တွန်း စည်းရုံးမှုတွေ လုပ်လာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ နယ်မြို့အခြေစိုက် သတင်းဌာနတစ်ခုက အမည်မဖော်လိုတဲ့ အယ်ဒီတာချုပ်တယောက်က ပြောပြပါတယ်။

"ကျနော်တို့ကို စစ်အုပ်ချုပ်ရေးကခေါ်တွေ့တယ်။ သူတို့နဲ့ပူးပေါင်းဖို့ သူတို့သတင်းတွေကိုရေးပေးဖို့ ကိုခေါ်ပြောတယ်။ ကျနော်တို့ကလည်း ဟုတ်ကဲ့လို့ပြောပေမယ့် တကယ်ကျတော့ ကျနော်တို့ အလုပ်ကို ဆက်လုပ်တယ်။ နောက် ကျနော်တို့ကို လိုက်ဖမ်းတယ်။ ဖမ်းတာ ကျနော်တို့ကိုဝရမ်းကြီးထုတ်ထားတာလဲမဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့နယ်တွေမှာ သတင်းရယူတာနဲ့ ဖမ်းတယ်။ သတင်းရယူဖို့ခက်တယ်။ သတင်းမီဒီယာက အဆိုးဆုံးအခြေအနေပါ"

ရန်ကုန်မြို့ထဲက Myanmar Now၊ မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ ဒီဗွီဘီသတင်းဌာန၊ ကမာရွတ်မီဒီယာစတဲ့ သတင်းမီဒီယာလုပ်ငန်းတွေရဲ့ ရုံးတွေကို မတ်လတုန်းက တပ်တွေက ဝင်ရောက်ရှာဖွေခဲ့သလို အခုရက်ပိုင်းကလည်း နယ်မြို့အခြေစိုက် သတင်းဌာနရုံးတွေကို စီးနင်း ရှာဖွေခဲ့ပါတယ်။

မုံရွာမြို့အခြေစိုက် မုံရွာဂေဇက်ဂျာနယ်တိုက်လည်း ဒီသတင်းပတ်ထဲမှာပဲ ဝင်ရောက် ရှာဖွေခံရပါတယ်။အဲဒီနောက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်းဒေသထဲမှာဖြစ်နေတဲ့ သတင်းတွေကို ဦးစားပေးရေးသားဖော်ပြတဲ့ မုံရွာဂေဇက် သတင်းဂျာနယ် ဂျာနယ်ထုတ်ဝေရေးလုပ်ငန်းအပြင် အွန်လိုင်းသတင်းတင်ဆက်မှုကိုပါ ရပ်နားထားလိုက်ရပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြစ်ကြီးနား၊ တောင်ကြီး၊ ထားဝယ်စတဲ့ နယ်မြို့တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေက သတင်းသမား ၁၀ ယောက်ထက်မနည်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရပြီး တပ်မတော်ကို အကြည်ညိုပျက်စေမှု၊ အကြည်ညိုပျက်အောင်လှုံ့ဆော်မှုတွေနဲ့ တရားစွဲခံထားကြရပါတယ်။ တချို့သတင်းထောက်တွေကလည်း လုံခြုံရေးအရ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေပါတယ်။

ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့စဉ် ဖမ်းဆီးသွားတဲ့ အမျိုးသမီးသတင်းထောက် ၂ ဦးအပါအဝင် သတင်းထောက် ၄ ဦးကို ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ခဲ့‌ပေမဲ့ တရားလိုပြသက်သေ လာရောက်ခြင်းမရှိတဲ့အတွက် အမှုကို စစ်ဆေးခြင်းမရှိခဲ့ဘဲ မေလ ၆ ရက်မှာ နောက်ရုံးချိန်းပေးခဲ့ပါတယ်။ သူတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်ထားပါတယ်။

နေပြည်တော်မှာ မတ်လက ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရတဲ့ မဇ္ဈိမသတင်း အယ်ဒီတာဟောင်း ဦးသန်းထိုက်အောင်ကိုလည်း ဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။

"ဒီကနေ့ သူ့အမေနဲ့ စကားပြောရတယ်။ ကျန်းမာရေးတော့ကောင်းတယ် ။ ကျနော်အနေနဲ့က တူတူသွားတဲ့ သူတယောက်တောင် ပြန်လွှတ်သေးတယ်။ ကျနော်သားအနေနဲ့ ဘာကြောင့်ဒီပုဒ်မနဲ့ ဆွဲခံရတယ်။ ဘယ်လိုကြောင့်ခုထိထိန်းခံနေရလဲဆိုတာကနော်သိချင်နေတယ်"

ကိုသန်းထိုက်အောင်ရဲ့ အဖေက ဗီအိုအေကို ပြောပြတာပါ။

၅၀၅ က နဲ့ပဲ တရားစွဲခံထားရတဲ့ မြန်မာနောင်းသတင်းဌာနက သတင်းထောက် မကေဇင်နွေး ကိုလည်း ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ အဲဒီရုံးချိန်းမှာ သတင်းထောက်တွေရဲ့အာမခံလျှောက်ထားမှုကို ပယ်ချခံရတယ်လို့ သူမရှေ့နေ ဒေါ်နီလာခိုင်ကပြောပါတယ်။

" ကေဇင်နွေးကို ဒီကနေ့ အာမခံလျှောက်ပါတယ်။ ဒါပေမယ့်ပယ်ချတယ်။ နောက်လ ၆ရက်နေ့ ရုံးပြန်ချိန်းတယ်။ အဲဒီကျရင်တော့ စပြီးစစ်ဆေးမယ်"

သူတရားစွဲခံထားရတဲ့ ၅၀၅ က ပုဒ်မဟာ အာမခံပေးနိုင်တဲ့ ပုဒ်မမဟုတ်ပေမယ့် တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ ဒါပေမဲ့ သတင်းယူနေတုန်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘယ်သတင်းထောက်ကိုမှ အာမခံ လျှောက်ထားတာကို လက်ခံခဲ့တာမရှိပါဘူး။ မကေဇင်နွေးကတော့ ရန်ကုန်မြို့ မြေနီကုန်းမှာ ဆန္ဒပြသူတွေကို တပ်က ဖြိုခွဲမှုကို တိုက်ရိုက် သတင်းထုတ်ပြန်နေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီအာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၈၀ ထက်မနည်း ဖမ်းဆီးခံရတာမှာ အယောက် ၃၀ နီးပါး ပြန်လွတ်လာပေမဲ့ အယောက် ၄၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရပါတယ်။ အယောက် ၂၀ ထက်မနည်း ပုဒ်မ ၅၀၅- ကနဲ့ ဖမ်းဆီးဖို့ ဝရမ်းထုတ် တာခံထားရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့က လတ်တလောထုတ်ပြန်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းမှာ ဒီနှစ် မြန်မာက နောက်ထပ်တစ်ဆင့် ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

.........................................................

Your browser doesn’t support HTML5

သတင်းမီဒီယာတချို့ စစ်တပ်နဲ့ပေါင်းဖို့ ဖိအားပေးခံရ

{{Unicode}}
















