ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးခဲ့သလို ဘုန်းတော်ကြီးကျောင်းတကျောင်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ လောလောဆယ်မှာ ဟိုပုံး- မိုင်းပွန်လမ်းပိတ်ထားတာကြောင့် လွိုင်လင်နဲ့ နမ့်စန်ဘက်တွေမှာ စက်သုံးဆီတွေ ပြတ်လပ်နေသလို ကုန်ပစ္စည်းဈေးတွေလည်းမြင့်တက်လာနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက နောက်ဆုံးရ သတင်းတွေကို - ကိုဉာဏ်ဝင်းအောင် - က တင်ပြထားပါတယ်။
စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ ဟိုပုံးဒေသမှာ စစ်ကောင်စီဘက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့ မဟာမိတ်တပ်တွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။
ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာတော့ ဆီဆိုင်နဲ့ဟိုပုံးမြို့နယ်အတွင်းက ရွာ ၂ ရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဆီဆိုင်ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ဘန်းယဉ်ရဲ့အရှေ့ဘက် နားခိုက်ကျေးရွာမှာ တိုက်ပွဲတော့ မရှိဘူး။ အဲဒီမှာက လေယာဉ်နဲ့ ၈ ကြိမ်လာကြဲသွားတယ်။ ဗုံးလာကြဲသွားတော့ အိမ် ၄ လုံး ပျက်စီးသွားတယ်။ အမျိုးသားတယောက် ၅၀ ကျော်တယောက် ဆုံးသွားတာပေါ့လေ။ နားခိုက် ကျေးရွာဗျ။ နောက်တော့ ပင်လျမ်းလား။ ဟိုပုံးမြို့နယ်ထဲမှာက တိုက်ပွဲလည်း မရှိဘဲနဲ့ ဘုန်းကြီးကျောင်းကို သူတို့ ချပစ်လိုက်တော့ ဘုန်းကြီးကျောင်းမှာ မီးလောင်တယ်။ ဟိုပုံး- မဲနယ်တောင်ဘက်မှာဗျ။ နောက်ပြီးတော့ ဆီဆိုင်ဘက်တော့ ဖြစ်နေတာပဲ။ နေတိုင်းတော့ ဖြစ်နေတာပဲ။ ဆိုက်ခေါင်ကနေတော့ ဒီနေ့တော့ အမြောက်နဲ့ လှမ်းထုတာ ၃ ချက်လား မသိဘူး။ ”
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိုင်ယန်ကလည်း ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ဒီနေ့ကတော့ မနက် ၉ နာရီခွဲမှာ စစ်ကောင်စီက ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို ဗုံး ၈ ကြိမ်လာကြဲပါတယ်။ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း လုပ်ပါတယ်။ အဲဒီဖြစ်စဉ်မှာကတော့ ဒေသခံ အသက် ၆၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားပါတယ်။ နေအိမ် ၄ လုံးပျက်စီးသွားပါတယ်။ ပြီးတော့ စာသင်ကျောင်း အနည်းငယ် ပျက်စီးသွားပါတယ်။ အဲဒီမှာက ကျနော်တို့တပ်ဖွဲ့ တပ်စွဲထားတာလည်း မရှိဘူး။ တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိဘူး။ နောက်ဖြစ်စဉ်တခုကတော့ ဒီကနေ့မှာပဲ ။ နေ့လည် ၁၂ နာရီ အချိန်လောက်မှာ စစ်ကောင်စီက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းကျေးရွာကို ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်တယ်။ ဗုံးကြဲတိုက်ခိုက် တာကြောင့် ပင်လျမ်းကျေးရွာရဲ့ ဘုန်းကြီးကျောင်းက မီးလောင်ပျက်စီးသွားပါတယ်။ အဲဒီကျေးရွာမှာလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေမရှိသလို တပ်စွဲထားတာလည်း မရှိပါဘူး။”
ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲတွေစတင်ခဲ့တဲ့နောက် ဟိုပုံးနဲ့ မိုင်းပွန်ကြားမှာ ကားအသွားအလာတွေကို စစ်ကောင်စီဘက်က ပိတ်ပင်ခဲ့ပါတယ်။ ဒီလို လမ်းပိတ်တာကြောင့် ခရီးသွားယာဉ်ငယ်တွေက ထမ်းဆမ်းဂူကနေ ကျောက်တန်း၊ ပင်လုံလမ်းကနေ သွားတာရှိခဲ့ပေမဲ့ ဒီလ ၂၇ ရက်နေ့မှာ ကျောက်တန်းလမ်းကိုလည်း ထပ်မံ ပိတ်လိုက်ပါတယ်။
အခုအခါ တောင်ကြီး၊ ဟိုပုံးဘက်ကနေ မိုင်းပွန်၊ လွိုင်လင်ဘက်ကို သွားလာလို့ မဖြစ်တာကြောင့် လွိုင်လင်နဲ့ နမ့်စန် စတဲ့မြို့တွေမှာ စက်သုံးဆီအခက်အခဲတွေ ရင်ဆိုင်နေရသလို ကုန်ပစ္စည်းတွေလည်း ဝယ်ယူဖို့ ခက်ခဲလာကြာင်း အဲဒီဘက်က ဒေသခံတဦးက ပြောပါတယ်။
“အဲဒီလမ်းပိတ်ရင်တော့ ဒီဘက်က ကုန်စီးဆင်းမှုက မရှိတော့ဘူးလေ။ အခု နမ့်စန်ဈေးလည်း ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ အခု ဆီတွေတောင်မှ တလီတာ ၅ ထောင် ရှာဝယ်လို့ မရဘူး။ နိုင်တီတူး။ ”
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာ တလလောက်ကြာလာတဲ့နောက် ဒီလ ၂၀ ရက်နေ့လောက်မှာတော့ ဟိုပုံးနဲ့ မိုင်းပွန်နယ်ဘက်မှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နဲ့ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးခဲ့သလို ဘုန်းတော်ကြီးကျောင်းတကျောင်းလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
Your browser doesn’t support HTML5