MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီ ၂၀၂၅ ဇန်နဝါရီ ၁၅ မှာ ထပ်တွေ့ကြမယ်

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ် တွေ လာမယ့်ဇန်နဝါရီ ၁၅ မှာ ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ MNDAA နဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ ဒီဇင်ဘာလ ၁၅ တွေ့ဆုံ ဆွေးနွေးပွဲမှာတော့ နှစ်ဘက် ကိုယ်စားလှယ်တွေကြား သဘောတူညီမှု တစုံတရာ မရခဲ့ပါဘူး။ လာမယ့်ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ MNDAA သိမ်းထားတဲ့ လားရှိုးမြို့ကိစ္စအပါအဝင် ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာနေရာချရေး နဲ့ နယ်စပ် န်သွယ်ရေးစတဲ့ အချက်တွေ ဆက်ဆွေးနွေးနိုင်ခြေရှိပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီကြားမှာ တရုတ်စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ဒီလ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့တာမှာ အခုလို နောက်တကြိမ် တွေ့ဆုံဖို့ လျာထားဆုံးဖြတ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၅ ဆွေးနွေးပွဲကို တရုတ်ကိုယ်စားလှယ် တချို့လည်း တက်ရောက်ပါဝင်ခဲ့ပါတယ်။

တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်ဆီက ဗွီအိုအေ သိထားရသလောက်− စစ်ကောင်စီဘက်ကအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးခဲ့ပြီး ကိုးကန့်အဖွဲ့မှာတော့ ဖုန်တာရွှင်ရဲ့သား နိုင်ငံခြားဆက်ဆံရေးဌာန ကြီးမှုး ဖုန်ခွင်းက ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။ ဆွေးနွေးမှု အခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် ဆွေးနွေးပွဲမှာ MNDAA သိမ်းထားတဲ့လားရှိုးမြို့ကို အရင်ပုံစံအတိုင်းထားရှိနိုင်ဖို့ ကိုးကန့်တပ်တွေပြန်လည်ဆုတ်ခွာနေရာချရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီးပွားရေးပြန်ထူထောင်ဖို့ စတာတွေဆွေးနွေးကြဖို့ တရုတ်ကိုယ်စားလှယ်တွေဘက်က စီစဉ်ပေးထား ပေမယ့် လက်တွေ့မှာတော့ တိကျတဲ့ရလဒ် ထွက်ပေါ်မလာနိုင်ခဲ့ပါဘူး။

ဒီအချက်တွေအပြင် ဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ၊ စစ်ရေးတင်းမာမှုတွေအထိပါ ဆွေးနွေးနိုင်ဖို့ မျှော်လင့်မှုတွေရှိပေမယ့် ထင်သလို မချောမွေ့ခဲ့ဘဲ ပြီးခဲ့ရတာပါ။ လက်ရှိအချိန်ထိ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

SEE ALSO: ကူမင်းမှာ ဆွေးနွေးမယ့် ကိုးကန့်နဲ့ စစ်ကောင်စီတွေ့ဆုံမှု ဖိအားပေးတဲ့ငြိမ်းချမ်းရေး အောင်မြင်ဖွယ်မရှိဟု သုံးသပ်

နောက်တခေါက်ဆွေးနွေးပွဲမှာ ပထမတကြိမ်ကလို တရုတ်စီစဉ်ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ဆက် ဆွေးနွေးမလား၊ ခေါင်းစဉ်အသစ်ဆွေးနွေးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီဇင်ဘာ ၁၅ ကူမင်းဆွေးနွေးပွဲအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အမြင်အမျိုးမျိုးရှိနေပါတယ်။

"ကြည့်ရတာကတော့ တရုတ်ဘက်က မဖြစ်,ဖြစ်အောင် ညှိနှိုင်းဖို့ စိတ်လောနေပုံရတယ်။ သူတို့ အထက်ကလာတဲ့ ဖိအားလည်းပါနိုင်တာပေါ့။ ဒါပေမယ့်လို့ နှစ်ဘက်သဘောထား၊ အနေအထား ရပ်တည်ချက် ဒါတွေကို တရုတ်က သေချာကျေလည်ပုံမရဘူး။ ကျေလည်ရင်လည်း သူ့ရပ်တည်ချက် ပြောင်းသွားနိုင်ပါတယ်။ ကိုးကန့်က အခြေအနေအရပ်ရပ်အရ အရိုကျိုးဆုံးအဖွဲ့ ဖြစ်နေတာတောင်မှ သူ့ရပ်တည်ချက်ကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်ကိုင်ထားတယ်လို့မြင်တယ်။ တဘက်က စစ်ကောင်စီ ကတော့ လက်နက်အားကိုးနဲ့စိတ်ကြီးဝင်တုန်း။ ရသမျှအပေါ်စီးယူချင်တုန်းဖြစ်ပုံရပါတယ်။ ဒီတော့ ပြေလည်ရေး မနီးစပ်ဘူးလို့ပြောရမယ်။ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကို အတော်လေးကြိုးစားရ မယ့်ပုံ ရှိပါတယ်။ တရုတ်ကလက်တွေ့ဘဝကနေအခြေအနေမှန်နဲ့နီးစပ်လာခဲ့ရင်တော့ အဆိုးထဲက အကောင်းလို့ပြောရတော့မှာပဲ။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က MNDAA က ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ထုတ်ပြန်ပြီးတဲ့နောက် ခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။ ဒီဇင်ဘာလဆန်းက ထုတ်ပြန်တဲ့ MNDAA ရဲ့ ကြေညာချက်မှာ ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြီး သူတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက် မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စ တွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ပြောဆို ထုတ်ပြန်ထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအနှံ့ စစ်တပ်ရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို လိုလားပေမဲ့ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ခွင့်ကိုတော့ အရင်အတိုင်း ဆွဲကိုင်ထားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မကြာခင်ရက်ပိုင်းမှာလည်း ရက္ခိုင်တပ်တော် AA၊ တအောင်း TNLA တပ်ဖွဲ့တွေနဲ့ ဆွေးနွေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ ဆိုပေမယ့် ဒါကိုအတည်မပြုနိုင်သေးပါဘူး။ ဒီဆွေးနွေးပွဲ ဖြစ်မလာခင် တရုတ်ဘက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AAနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့၊ TNLA အဖွဲ့နဲ့ ဒီဇင်ဘာ ၈ ရက်နေ့၊ KIA အဖွဲ့နဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့တို့မှာ တွေ့ဆုံခဲ့သလို မြောက်ပိုင်းအဖွဲ့ဝင်မဟုတ်တဲ့ ဝအဖွဲ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ မှာ တွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။ ဒါ တွေအပြီး အခုလို တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီသီးခြားစီတွေ့ဖို့ ဖြစ်လာခဲ့တာပါ။

စစ်ရေးနဲ့ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ လားရှိုးမြို့ကို သိမ်းပိုက်အုပ်ချုပ်နေတဲ့ ကိုးကန့် MNDAA အဖွဲ့အပေါ် တရုတ်ရဲ့ ဖိအားတွေ ရှိနေချိန်မှာ အခုလို တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ MNDAA ကိုယ်စားလှယ်တွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ စီးပွားရေးအကျိုးစီးပွား အများအပြား ရှိနေတဲ့ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်ဘက်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လားရှိုးကို သိမ်းထားတဲ့ ကိုးကန့်တပ်တွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယား သူပုန်ခေါင်းဆောင်ကို ဖမ်းဆီးရေး ဆုကြေး အမေရိကန် ပယ်ဖျက်