မွန်ညီညွတ်ရေးပါတီ လွှတ်တော်နေရာတွေ ပိုရလာ

မွန်ညီညွတ်ရေးပါတီကို ထောက်ခံသူများကို သထုံမြို့မှာ တွေ့ရ။ (ဓာတ်ပုံ - Mon Unity Party - Central - အောက်တိုဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ရွေးကောက်ပွဲမှာ ကနဦးမဲရလဒ်တွေအရ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အရင်ထက်ပိုပြီး အနိုင်ရခဲ့တာကြောင့် နိုင်ငံရေးရှေ့အလားအလာ ဘယ်လိုရှိလာမလဲဆိုတာ တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီဟာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာနဲ့ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာ အနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်မှာ နေရာရလာတာနဲ့အမျှ နိုင်ငံရေး လှုပ်ရှားမှုတွေကို လွှတ်တော်တွင်းမှာရော၊ ပြင်ပမှာပါ အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း ရည်ရွယ်ထားတယ်လို့ မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၁) နိုင်လယီတမကပြောပါတယ်။

“ဒီလာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ မူလက ပါတီရဲ့ရပ်တည်ချက်ပါ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းနဲ့ လွှတ်တော် ပြင်ပနိုင်ငံရေးလမ်းကြောင်းကို နှစ်လမ်းစလုံးသွားဖို့ ရှိတယ်။ လွှတ်တော်အတွင်းမှာဆိုလို့ရှိရင် အဓိက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက်ကို တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော့ အဲဒီအခြေခံဥပဒေပြင်ဆင်နိုင်ရေး ကျနော်တို့ လွှတ်တော်အတွင်းမှာ ကြိုးပမ်းမယ်။ လွှတ်တော်ပြင်ပမှာ ၂၁ ရာစု ပင်လုံညီလာခံ ကဲသို့သော အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူကို တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ရည်မှန်းထားတယ်။”

မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ချက်တွေရှိနေတယ်လို့လည်း နိုင်လယီတမက ပြောပါတယ်။

“ညွန့်ပေါင်းအစိုးရဆိုတာက ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်တခုလို့ အနိုင်ရတဲ့ပါတီက အဲဒီလိုရပ်တည်ချက် ရှိခဲ့မယ်ဆိုရင်တော့ ညွန့်ပေါင်းအစိုးရတော့ဖြစ်ကောင်းဖြစ်လာနိုင်မယ်။ သို့သော် အနိုင်ရပါတီက ဒီရပ်တည်ချက် ဒီခံယူချက် မရှိဘူးဆိုလို့ရှိရင်တော့ ညွန့်ပေါင်းဖွဲ့စည်းနိုင်ရေး အလားအလာက နည်းပါးသွားပါလိမ့်မယ်။”

SEE ALSO: မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ တွေ့ရှိချက်များ

မြို့နယ်ကော်မရှင်တွေရဲ့ ထုတ်ပြန်ချက်အရ မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ နေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆ နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တနေတရာအနိုင်ရရှိခဲ့ပါတယ်။

ဒါဟာ အရင် ၂၀၁၅ ရွေးကောကိပွဲတုန်းက မွန်ပါတီတွေ ၄ နေရာသာ အနိုင်ရရှိလာရာကနေ တိုးတက်လာတဲ့ အခြေအနေရှိလာတာပါ။

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ယှဉ်ပြိုင်မှု အားကောင်းလာတယ်လို့ မွန်နိုင်ငံရေးအနီးကပ် လေ့လာစောင့်ကြည့်သူ နိုင်မင်းမင်းနွယ်ကပြောပါတယ်။

“သူတို့ရဲ့ပြည်နယ် သူတို့ရဲ့ လူမျိုးစုအတွက် အခွင့်အရေးတွေ အရပ်ရပ်ကို ဒီတပါတီကြီးက ကြီးစိုးပြီးတော့ စီမံခန့်ခွဲပေးနေတာကို အားမလို၊ အားမရ ဖြစ်တဲ့အခါကျတော့ သူတို့ဟာသူတို့ ကိုယ့်ပါတီအနိုင်ရရှိရေး ကိုယ့်ဒေသက ကိုယ်စားလှယ်နဲ့ပဲ စီမံခန့်ခွဲဖို့အတွက် ဒါကိုသူတို့က အားပါလာတဲ့ အနေအထားမျိုးတွေ့ရတယ်။ တိုင်းရင်းသားပါတီတော်တော်များများက ဒီရွေးကောက်ပွဲမှာ ရုန်းကန်လာပြီးတော့ မဲအနိုင်ရရှိဖို့အတွက်ကို တွန်းတွန်း တိုက်တိုက်လုပ်လာတာကို တွေ့ရတယ်။”

ဒါပေမဲ့ရွေးကောက်ပွဲမှာတော့ တနိုင်လုံး အတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ အများဆုံး အနိုင်ရရှိနေတာကြောင့် NLD ကပဲ အစိုးရဖွဲ့နိုင်မယ့် အခြေအနေမှာရှိနေတာပါ။

ရွေးကောက်ပွဲအလွန် NLD ဦးဆောင်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းသွားမလားဆိုတဲ့အပေါ် မွန်ညီညွတ်ရေး ပါတီအတွင်းရေးမှူး ၁ နိုင်လယီတမက အခုလိုပြောပါတယ်။

SEE ALSO: ဗဟို အစိုးရဖွဲ့နိုင်တဲ့အထိ NLD နိုင်ဖို့အလားအလာရှိနေတာ ဘာကြောင့်လဲ

“အဲဒါက တကယ်တမ်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ နှစ်ဘက်ပါတီရဲ့ ပြောဆိုဆွေးနွေးမှု သဘောတူညီမှုအရတော့ ဖြစ်လာလိမ့်မယ်။ လောလောဆယ်တော့ စဉ်းစားမှုတွေက မရှိသေးတဲ့အခါကျတော့ ပြောဖို့ နည်းနည်း စောပါသေးတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ အစိုးရသက်တမ်းကာလအတွင်း NLD ကနေ တိုင်းရင်းသားအရေးကိစ္စနဲ့ ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံ အားနည်းခဲ့တာကြောင့် ပြည်နယ်တချို့မှာ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေနဲ့ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲလွန်ကာလမှာလည်း အများစုဖြစ်လာမယ်လို့ ခန့်မှန်းထားတဲ့ NLD ပါတီ အနေနဲ့ တိုင်းရင်းသားတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အားနည်းနေဦးမယ်ဆိုရင်တော့ နိုင်ငံရေးအရ အားပြိုင်မှုတွေ ရှိနိုင်တယ်လို့ နိုင်မင်းမင်းနွယ်က သုံးသပ်ပါတယ်။

“ငါတို့ပဲနိုင်တယ်၊ ငါတို့ ပါတီကြီးပဲ ကြိုက်သလိုလုပ်မယ်ဆိုရင်တော့ လွှတ်တော်မှာတော့တိုင်းရင်းသားတွေက အတိုက်ခံအင်အားစု တရပ်အနေနဲ့ ရပ်ခံပြီးတော့ တွန်းတွန်းတိုက်တိုက်ဖြစ်သွားမယ့် သဘောမျိုးတွေ့နေရတယ်။”

ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်မှာ လွှတ်တော်နဲ့ ပြည်နယ်အစိုးရကြား တင်းမာမှုတွေ ရှိခဲ့သလို၊ ဗိုလ်ချုပ်အောင်ဆန်းတံတား၊ ရုပ်တု အမည်ပေးတာ၊ တည်ဆောက်တာတွေကြောင့်လည်း ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အလားတူ တခြားတိုင်းရင်းသား ဒေသတွေမှာလည်း NLD ပါတီ ဦးဆောင်တဲ့ ပြည်နယ်အစိုးရတွေနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

မွန်ညီညွတ်ရေးပါတီ လွှတ်တော်နေရာတွေ ပိုရလာ

[Unicode Version]





SEE ALSO:  ရွေးကောက်ပွဲ အောင်မြင်မှု ဒေါ်အောင်ဆန်းစုကြည် ချီးကျူး








SEE ALSO: ကန်၊ အီးယူနဲ့ UK ၂၀၂ဝ မြန်မာ့ရွေးကောက်ပွဲကို ချီးကျူး





