မုံရွာ ထနောင်းတောတောင်ရွာဈေး လက်နက်ကြီးထိမှန်၊ ၁၁ ဦးသေဆုံး

မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာစျေးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ၁၁ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရပြီး ထိခိုက်ဒဏ်ရာရတဲ့မြင်ကွင်း။ (သြဂုတ် ၁၃၊ ၂၀၂၄/ဓာတ်ပုံ-မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး)

မုံရွာမြို့နယ်၊ ထနောင်းတောတောင်ရွာစျေးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ စျေးရောင်း၊ စျေးဝယ်သူတွေထိခိုက်ပြီး၊ သေဆုံးသူ ၁၁ ဦးရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲ ကလေးငယ်တွေပါဝင်တယ်လို့ ဆေးကုသပေးနေသူတွေက ပြောပါတယ်။ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ကတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ မအူဂိတ်ကနေ ဩဂုတ်လ ၁၃ ရက်နေ့က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လိုက်လို့ထနောင်းတော တောင်ရွာ က စျေးတန်းအလယ် ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ ၂၁ ဦးရှိခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းတာဝန်ရှိသူတဦးက ပြောပါတယ်။

"ဖြစ်စဉ်က မနက် ၁၀ နာရီလောက်မှာ မအူဂိတ်ကနေပြီးတော့ လက်နက်ကြီး ၆၀ မမနဲ့ လှမ်းပစ်လိုက်တာ ထနောင်းတောတောင်ရွာမှာရှိတဲ့ စျေးတန်းရဲ့ လုံးဝစည်ကားတဲ့နေရာမှာ လမ်းပေါ်တည့်တည့်ကျတာဗျ။ ကျပြီးတော့မှ စျေးဝယ်တွေရယ်၊ စျေးသည်တွေရယ်၊ အကုန်ထိကုန်တာပေါ့နော်။ ပြီးတော့ မအူဂိတ်ကနေပြီးတော့ နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ ၁၂၀ မမနဲ့ ပစ်တာက လယ်တော်ရွာဘက်ကို ကျပြီးတော့ ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ပြီးတော့ ခိုင်းနွား ၁ ကောင် သေသွားတယ်ဗျ။ ညပိုင်းရောက်တော့လည်း မအူဂိတ်ကနေ အရှေ့ဘက်ကို ပစ်တာက တောင်သာကျေးရွာမှာရှိတဲ့ ပြည်သူ ၂ ဦး ထိတယ်လို့တော့ ကြားတယ်ဗျ။ အဲဒါကတော့ ကျနော်တို့အခြမ်းမဟုတ်တော့ သတင်းအတိအကျတော့ မရဘူးဗျ။"

ထနောင်းတောတောင်ရွာမှာ စျေးအရောင်းအဝယ်လုပ်နေသူတွေ လက်နက်ကြီးထိမှန်ခဲ့ပြီး အဲဒီထဲက ၁၁ ဦး သေဆုံးခဲ့တယ်လို့ပြောပါတယ်။ စျေးကိုတော့ ဒီကနေ့အထိ ပိတ်ထားပါတယ်။

"လက်နက်ကြီး ပစ်နေတာကလွဲရင် ဒီနှစ်ပိုင်း ၂၀၂၄ ထဲမှာ အကြောင်းတအားဆိုးနိုင်တာမျိုး သိပ်မရှိတော့ဘူးဗျ။ အဲအတွက်ကတော့ ကိုယ့်ဘက်က သာနေတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်နက်ကြီးနဲ့ လှုပ်ရှားတဲ့ ပျူရွာကလည်း ရှိတာကို။ အဲဒီအတွက်ကတော့ ကိုယ့်ဘက်အပိုင် မဟုတ်ဘူး လည်း ပြောလို့ရတယ်ဗျ။ လက်နက်ကြီးနဲ့ ပျူရွာ အဲဒီနှစ်ခုကို ကောင်းကောင်းထိန်းချုပ်နိုင်ရင်တော့ ကျနော်တို့အပိုင်လို့ ပြောလို့ရပြီပေါ့ဗျာ။ အမှန် တကယ်က အဲဒီနေ့က တိုက်ပွဲသတင်း ပေါက်ပုံရတယ်ဗျ။တိုက်ပွဲက နေ့လည် ၁၂ နာရီလောက်မှာဖြစ်တာ။ လက်နက်ကြီးကျတာက မနက် ၁၀ နာရီ လောက်မှာ ကျတာ။ အလောင်းတွေကိုတော့ မိသားစုတွေကပဲ ဆိုင်ရာဆိုင်ရာကို ယူသွားကြတာဗျ။"

လက်နက်ကြီးထိမှန်ပြီး နေရာမှာတင် သေဆုံးသွားသူတွေရဲ့ အလောင်းကို မိသားစုဝင်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ ရပ်ကျေးဆေးကုပေးနေတဲ့ အဖွဲ့ကပဲ ကုသပေးနေတယ်လို့ သိရပါတယ်။ ဆေးဝါးလိုအပ်ချက် ရှိပေမယ့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆေးကုသပေးနေသူတဦးက ပြောပါတယ်။

"တချို့ဆို ခြေထောက်တွေ၊ လက်တွေဖြတ်ရတယ်။ ထိတဲ့အထဲမှာ ၁၃ နှစ်ကလေးပါတယ်။ ၁၃ နှစ်ကလေးက လည်ပင်းကိုအစမှန်တာ။ အခုလောလောဆယ်ကတော့ ကုသမှုခံယူဆဲပဲ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ပါဘူး။ ပွဲချင်းပြီးသေတာက ၇ ယောက်။ ကျန်တဲ့ ၄ယောက်က ဆေးကုသမှုခံနေရင်းဆုံးတာ။ ဘယ်မှာပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းကင်းတော့ ဖြစ်ချင်ကြတာပဲလေ။ ဒါပေမဲ့ ခေတ်ကာလကြီးက ဘယ်မှာမှ မတည်ငြိမ်ဘူးဖြစ်နေတာ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် သတိဝီရိယနဲ့ နေကြဖို့နဲ့အသွားအလာ သတိထားကြဖို့ကိုပဲ သတိပေးချင်ပါတယ်။ ကျန်တာကတော့ ကိုယ်လည်း ဘာမှလုပ်လို့ရတဲ့ အရာမဟုတ်ဘူးလေ။"

အပြန်အလှန်တိုက်ပွဲမရှိလည်း မုံရွာ-အမြင့်လမ်းဘေးမှာရှိတဲ့ ကျေးရွာတွေဟာ လက်နက်ကြီးဒဏ်ကို ခပ်စိပ်စိပ်ခံနေရတယ်လို့ပြောပါတယ်။ လက်နက်ကြီးထိမှန်လို့ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ရသူတွေ အပြင် အသက်သေဆုံးတဲ့အထိ တွေ့ကြုံနေရတာလည်း ရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို လက်နက်ကြီးပစ်ခတ်လိုက်လို့ ဒေသခံပြည်သူတွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းတစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Your browser doesn’t support HTML5

မုံရွာ ထနောင်းတောတောင်ရွာဈေး လက်နက်ကြီးထိမှန်၊ ၁၁ ဦးသေဆုံး