ရုရှား-ယူကရိန်း စစ်ပွဲစတင်တဲ့ ၂၀၂၂ ခုနှစ်ကစလို့ ရုရှားနိုင်ငံမြို့တော် မော်စကို ကို ယူကရိန်းက ဒရုန်း အများဆုံး သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပြီး မြို့တော်ကို ဦးတည်လာနေတဲ့ ဒရုန်း အားလုံးကို သူတို့ဘက်က ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။
မနေ့ညက ဒရုန်း ၄၅ စင်း ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ မော်စကိုဒေသကို ဦးတည်လာနေတဲ့ ဒရုန်း ၁၁ စင်း ၊ Bryansk ဒေသမှာ ၂၃ စင်း ၊ Belgorod မှာ ၆ စင်း ၊ Kaluga နဲ့ Kursk ဒေသတွေမှာ ၂ စင်း စီ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ မော်စကိုမြို့တော်ဒေသကို အကြီးမားဆုံး ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း မြို့တော်ဝန် Sergey Sobyanin က တယ်လီဂရမ် လူမှုကွန်ယက်မှာ ရေးပါတယ်။ ဒရုန်းယာဉ်တွေ ရည်မှန်းထားတဲ့ ပစ်မှတ်ကို မထိမှန်ခင် သူတို့ရဲ့ အင်အားကောင်းတဲ့ ခုခံ ကာကွယ်ရေးစနစ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ဒရုန်းယာဉ်ကို ပစ်ချလိုက်တဲ့ပုံ မှတ်တမ်း ဗွီဒီယိုတွေ ရုရှား လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။
ယူကရိန်းတို့က ရုရှားနိုင်ငံအနောက်ပိုင်း၊ Kursk ဒေသအတွင်းကို ဆက်လက်ထိုးဖေါက် တိုက်ခိုက်နေတဲ့ တချိန်တည်းမှာ အခုလို ဒရုန်းတွေနဲ့ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5