ဟုမ္မလင်းမြို့နေရာအများစု ရေနစ်မြုပ်နေ  

ရေကြီးနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့မှာ ဟော့လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေစဉ်

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေတို့ကြောင့် မြို့ရဲ့ နေရာတော်တော်များများ ရေနစ်မြုပ်နေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ နောက်ရက်တွေမှာလည်း မိုးရွာသွန်းနိုင်တဲ့အတွက် ရေကြီးတာတွေ ဆက်ရှိနိုင်ပါသေးတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့မှာ ဇူလိုင် ၆ ရက်ကစလို့ ချင်းတွင်းမြစ်ရေနဲ့ ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့ရဲ့ ၄ ပုံ ၃ ပုံခန့် ရေနစ်မြုပ်နေတယ်လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မြစ်ရေနဲ့ ချောင်းရေဟာ ဇူလိုင် ၈ ရက်နေ့အထိ ပြန်မကျသေးတဲ့အတွက် ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ လှေတွေအပြင် စားနပ်ရိက္ခာ သောက်သုံးရေတွေနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လိုအပ်နေတာပါ။ ဟုမ္မလင်းမြို့ အခြေအနေကို မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟော့လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ဟုမ္မလင်းက ဥရုချောင်းရေကော ချင်းတွင်းမြစ်ရေကော တောင်ကျရေကော အကုန်ပေါင်းနေတာ။ မြို့ထဲမှာတော့ အကုန်လုံးရေဝင်ထားပြီ။ လူဦးရေကတော့ အတိအကျ မသိနိုင်ဘူးခင်ဗျ။ မြို့ရဲ့ ၄ ပုံမှာ ၃ ပုံက ရေမြုပ်နေပြီ။ မော်တော်ဘုတ်တွေက အလုံအလောက်မရတော့ ဒီမှာငှားရမ်းပြီးတော့ ပရဟိတတွေက အပြတ်ငှားပြီး လုပ်ပေးနေရတာ။ ဒီမှာက တချို့က အသက်ကြီးပိုင်းတွေဆိုတော့ အိမ်ပေါ်မှာပဲနေကြတာ။ အောက်ထပ်ကမြုပ် အပေါ်ပိုင်းပဲကျန်နေတော့ သူတို့ စားဝတ်နေရေး ရိက္ခာခြောက်တွေ အဲ့ဒါတွေက လောလောဆယ် အရေးပေါ် လိုအပ်နေတယ်။ ရေသန့်နဲ့ စားနပ်ရိက္ခာ ကျွန်တော်တို့ အခုပို့ပေးနေတယ်။ "

မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် ပရဟိတသင်းတွေက ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပေမယ့် မြို့ရဲ့ နေရာတော်တော်များများ ရေကြီးနေတာဖြစ်လို့ ကယ်ဆယ်ရေး မလုံလောက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ရေကြီးနစ်မြုပ်တာဟာ သယံဇာတ တူးဖော်မှုတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ သစ်တောပြုန်းတီးတာတွေကြောင့်လို့ ယူဆတဲ့ ဒေသခံတွေလည်း ရှိပါတယ်။

"ဒီလိုရေကြီးတာတော့ တော်တော်တော့ ကြုံတောင့်ကြုံခဲပေါ့နော်။ ချင်းတွင်းမြစ်တလျှောက်ကော ဥရုချောင်းတလျှောက်ကောက အကုန်လုံးက သတ္တုတူးဖော်ရေးနဲ့ သစ်ထုတ်လုပ်ရေးပဲ လုပ်နေကြတာကို။ သဘာဝဘေးဒဏ်ကတော့ အများဆုံးခံရတာ။ အမြဲဖြစ်နေတယ်လို့ပြောရမှာပေါ့။ တခါတလေ ရေမကြီးသင့်တဲ့အချိန်တွေ ရေကြီးတာတွေ ဖြစ်နေတာပေါ့။"

ရေကြီးနေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့မှာ ဟော့လူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေစဉ်

ချင်းတွင်းမြစ်အထက်ပိုင်းမှာ ဇူလိုင်လကုန်ကတည်းကနေ အခုချိန်ထိ မိုးရွာသွန်းနေတဲ့အတွက် ရေကျတာနှေးပြီး မြစ်ရေကြီးတာလို့ မိုးဇလတာဝန်ရှိသူတွေက ပြောပါတယ်။ နောက် ၂ ရက်ကနေ ၃ ရက်အတွင်း မိုးရွာသွန်းနိုင်ခြေ ရှိသေးတယ်လို့ မိုးဇလ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

"မိုးလယ်ကာလ ဇူလိုင် သြဂုတ်ကတော့ ဧရာဝတီ ချင်းတွင်းအထက်ပိုင်းတွေက ရေကြီး တဲ့ရာသီလေ။ မိုးများလို့ရေကြီးတာပေါ့။ အနည်းဆုံး ၂ လက်မ ၃ လက်မ အဲ့လောက်က ရွာနေတာ။ နောက်ပြီး မြစ်ဖျားပိုင်းတွေမှာ မိုးရွာတာ အဲ့မြောက်ပိုင်းဘက်က မိုးရွာတာများတယ်။ ဇွန်လကုန်ကတည်းရွာနေတဲ့မိုးက အဲ့ဘက်မှာ မိုးများတယ်။ မိုးများလို့ ရေကြီးတာ။ ပြန်ကျဖို့က နောက်ပိုင်းတွေ မိုးနည်းသွားမယ့်အချိန် မိုးထပ်မများရင်တော့ ကျမှာပေါ့။ လက်ရှိမှန်းတာက မိုးကအရင်ရက်တွေကလောက်မများဘူး။ သို့သော်ရွာတော့ ရွာနေတော့ ကျရင်လည်း အကျနှေးတာပေါ့။ နောက် ၂ ရက် ၃ ရက်လည်း မိုးက ဆက်အုံးမှာပဲ။"

ဇူလိုင် ၈ ရက်၊ ဒီကနေ့ မိုးလေဝသ တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၆ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေအမှတ်မှာပဲ ဆက်ရှိနေမယ့်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ အထူးသတိထားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဟုမ္မလင်းမြို့နေရာအများစု ရေနစ်မြုပ်နေ