သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ရေဘေးအန္တရာယ်နဲ့ကြုံ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူနေရပ်ကွက်တခုပေါ် ရေလျှံနေတဲ့ မြင်ကွင်း (ဇူလိုင် ၁၊ ၂၀၂၄)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူနေရပ်ကွက်တခုပေါ် ရေလျှံနေတဲ့ မြင်ကွင်း (ဇူလိုင် ၁၊ ၂၀၂၄)

ကချင်ပြည်နယ် မေခ-မေလိခ မြစ်ဆုံနဲ့ ဧရာ၀တီမြစ်ရေ တွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် မြစ်ကြီးနားနဲ့ ဝိုင်းမော် ဘက်တွေမှာ ဒေသခံပြည်သူ သောင်းနဲ့ ချီ ဘေးလွတ်ရာမပြေးနိုင်ပဲ ပိတ်မိနေကြောင်း ကူညီကယ်ဆယ်ရေး စေတနာ့၀န်ထမ်းတွေက ဗွီအိုအေကိုပြောပါတယ်။ ကချင်ပြည်နယ်မှာ နှစ်ပေါင်းများစွာအတွင်း ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ရေဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

ဇွန်လ ၃၀ ရက် မနေ့ညနေကတည်းက မေခ-မေလိခ မြစ်ဆုံနဲ့ ဧရာဝတီ မြစ်ရေတွေ စတက်လာပြီး မြစ်ကြီးနား မြို့ရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ အခုချိန်မှာ ရေနစ်မြုပ်နေတဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ညနေပိုင်းက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတိပေးထုတ်ပြန်ချက်အရ လက်ရှိ မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ၅ ပေကျော်ရောက်ရှိနေပြီလို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် နောက်ထက် ၂ ရက်အတွင်း ၂ ပေလောက်အထိကို ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့က မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ကြက်ပေါင်ခြံ၊ ခေမာသိရီ၊ ရမ်ပူ၊ စီတာပူ၊ လယ်ကုန်း၊ ရွှေညောင်ပင် စတဲ့ ရပ်ကွက်ပေါင်း ၇ ခုထက်မနည်း ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးအင်အားမလုံလောက်တဲ့အတွက် ပိတ်မိနေသူတွေ အများအပြားရှိနေတယ်လို့ ပေးဆပ်သူ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

“အနိမ့်ပိုင်းက ၃ပုံ ပုံ၊ ၂ပုံလောက်က ကျနော်တို့ ရေဘေးဒုက္ခကြုံနေပြီးဗျ။ မြို့ရဲ့ ၃ပုံ ပုံ၊ ၂ပုံ အနိမ့်ပိုင်းတွေ အကုန်လုံးက ရေက တောက်လျှောက်တက်နေတာလေ။ လူတွေ ပိတ်မိနေတုန်းပဲ ပိတ်မိနေတုန်းပဲ ဘာလို့ဆို ကယ်ဆယ်ရေးအင်အားနဲ့ မြို့လူထုနဲ့ မမျှတဘူး ဖြစ်နေတယ်လေ။ လမ်းပေါ်မှာ တချို့နေရာမှာ ရေ ၅ပေ၊ ၆ပေ ရောက်နေပြီးနော်၊ တချို့နေရာက လုံလုံကိုမြုပ်လောက်တဲ့နေရာတွေ အဲ့ဒါမျိုးတွေပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိပါတယ်ဗျ၊ မိုးကလည်း ရွာနေတုန်းပါဗျ။”

ရေတွေပတ်လည်ဝိုင်းနေတဲ့ အနောက်လယ်ကုန်းရပ်ကွက်မှာ ပိတ်မိနေသူ ဝိုင်းမော်စစ်ရှောင်အမျိုးသမီးတဦးက သူတို့နေတဲ့ ဘုန်းကြီးကျောင်းမှာ လူ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဆင်မပြေဘူးလေ ရေတောင်နစ်တော့မှာကြီး၊ စစ်ရှောင်ခဲ့တာ အများကြီး ၁၀၀ ကျော်လောက်ရှိတယ်ရှင်၊ ရေကမြုပ်နေပြီးရှင်။ ဘုန်းကြီးကျောင်းမြုပ်နေပြီး တစ်ထစ် နှစ်ထစ်ပဲ ရှိတော့တာရှင် ရေအထဲဝင်ဖို့ဟုတ်၊ အနောက်လယ်ကုန်း မြင့်မြတ်အေးဘုန်းကြီးကျောင်းမှာ ရေတက်တာလာ ထွက်ဖို့ မရတော့ အဲ့လိုမျိုးဖြစ်သွားတယ်ရှင်။ မိုးလည်းရွာတယ်ရှင် အခုဒီမှာ မြစ်ရေလည်း ကြီးနေတာ ဒီဘုန်းကြီးကျောင်းမှာ လူ ၁၀၀ ကျော်လောက်ရှိတယ်ရှင်။”

နောက်ထပ် ပိတ်မိနေသူတဦးကတော့ မြစ်ကြီးနား ရေဘေးကြောင့် တဦးသေဆုံးတယ်လို့ ကြားရပြီး ကယ်ဆယ်ရေး တောင်းခံထားပေမယ့် မနက်ပိုင်းအထိ မရောက်သေးဘူးလို့ အခုလို ပြောပါတယ်။

“တော်တော်ဆိုးတယ်။ ကျနော်တို့ အခုထိကို ပိတ်မိနေတုန်းပဲ။ ရေက တရပ်လောက် မြုပ်တယ်ဆိုတော့ ထွက်လို့မရဘူးဗျ။ ကယ်ဆယ်ကိုတောင်းတော့ မီးတပ်ကိုဆက်တဲ့အခါကျတော့ လယ်ကုန်းနဲ့ ကြက်ပေါင်ခြံကို ပတ်နေရလို့ပေါ့ ခေမာသီရိရဲ့တို့က နေက်ကျမှဆိုပြီး အခုထိ မလာသေးဘူးဗျ။ ကျနော်တို့ ဒီအိမ်ထဲမှာ ၃ယောက်လောက် ပိတ်မိနေတာဗျ တခြားဘယ်ဘက်တွေ ဘယ်လောက်ပိတ်မိနေလဲတော့ ပြောတတ်ဘူး၊ တစ်ယောက်သေဆုံးတယ်လို့တော့ ကြားတယ်။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် ကျောက်ဝိုင်း ၃ထပ်ဆောင် ရေမြုနေတဲ့ မြင်ကွင်း (ဇူလိုင် ၁၊ ၂၀၂၄)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် ကျောက်ဝိုင်း ၃ထပ်ဆောင် ရေမြုနေတဲ့ မြင်ကွင်း (ဇူလိုင် ၁၊ ၂၀၂၄)

ကချင်ပြည်နယ်မှာရေဘေးကြောင့် ထိခိုက်သေဆုံးတဲ့ ဦးရေကို သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ လှေတွေ အလုံအလောက်မရှိဘူးလို့ ပရဟိတအသင်းတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့အပြင် ဝိုင်းမော်၊ တနိုင်း ဘက်က အနိမ့်ပိုင်းရပ်ကွက်တွေလည်း ရေကြီးရေလျှံနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မြို့ရဲ့ ဘုန်းကြီးကျောင်း၊ အဆောက်အဦး၊ နေရာလွတ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ် ပြောင်းရွှေ့နေထားပြီး အရေးပေါ် အကူအညီတွေလည်းတယ်လို့ လိုအပ်နေတယ် ပရဟိအသင်းတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့ ရေဘေးသင့်သူ အရေအတွက် တသောင်းထက်မနည်း ရှိတယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ကယ်ဆယ်နေဆဲပေါ့။ ရေဘေးသင့်တာ လူဦးရေ သောင်းဂဏန်းလောက်တော့ ရှိပြီးပေါ့။ နှစ်ထပ်တိုက်ဆိုတော့ လောလောဆယ် အပေါ်ထပ်ကို တက်ပြီးတော့ စုပြီးမှ နေကြတာလေတွေ အဲ့ဒါလေကို ကျနော်တို့က သွားသွားပြီးမှ ကယ်ထုတ်ခဲ့တာပေါ့။ ၂၀၀၄ ခုနှစ်ုတုန်းက တခါ ရေဘေးကြုံဖူးတယ်။ အဲ့ဒါတုန်းက ဒီလောက်ကြီးမဆိုးဘူး၊ အခုဟာက ပိုဆိုးတယ်။ ဒီမိုးအဆက်မပြတ်ရွာတာ တောင်မှာ ပူတာအိုဘက်မှာ ရေခဲတောင်တွေပြိုတယ်လို့ ကျနော်တို့လည်း အဲ့လိုတော့ သတင်းရရှိတယ်၊ ရေခဲတောင် ၃တောင် တောင်မှ ပြိုတယ်လု့ိ အဲ့လိုပြောတယ်။ အခု မိုးကလည်း ရွာနေဆဲဆိုတော့ ရေက ပိုဆိုးသွားတာပေါ့။”

မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက အခုလို ရေဘေးကြုံခဲ့ဖူးပေမယ့် အခုလောက်ထိ မဆိုးဝါးဘူးလို့ ပြောပါတယ်။ မိုးဇလဌာနကတော့ ဧရာ၀တီမြစ် ရေဟာ စိုးရိမ်ရေမှတ်ထက် ၅ပေ ကနေ ၇ ပေ ထိမြင့်တက်မည့်အခြေအနေဟာ နောက်ထပ် ၂ ရက်အတွင်း ဆက်ပြီးတည်ရှိနေမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် ကချင်မှာ ဧရာ၀တီမြစ်ရေကြီးမှုကြောင့် လာမည့် ရက်ပိုင်းအတွင်း ချင်းတွင်းမြစ်မှာပါ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နိုင်ခြေရှိနေပြီး ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့နယ်တွေမှာ ရေကြီးမယ့်အန္တရာယ်ကို ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG