ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အရပ်သားတွေ သေဆုံးခဲ့ရတဲ့ အပေါ် ဝမ်းနည်းကြောင်း၊ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ဖို့အပါအဝင် တရုတ်နယ်စပ်ဘက်ကို လက်နက်ကြီး ကျည်ကျတဲ့အပေါ် သတိပေးတဲ့အနေနဲ့ တရုတ်နိုင်ငံဘက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အဓိက နယ်စပ်ဒေသလုံခြုံရေးအတွက် သက်ဆိုင်သူ-ဘက်အားလုံးကို စစ်ရေးပဋိပက္ခရှောင်ရှားဖို့ သတိပေး တိုက်တွန်းလိုက်တာဖြစ်တယ်လို့ တရုတ်-မြန်မာအရေးအကဲခတ်က သုံးသပ်လိုက်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ကူညီနေတဲ့ တရုတ်နိုင်ငံဘက်က အခုလို နယ်စပ်စစ်ရေးတင်းမာမှုတွေအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အခြေစိုက် တရုတ်-မြန်မာအရေးလေ့လာသုံးသပ်နေတဲ့ ဒေါက်တာလှကျော်ဇောကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါက်တာလှကျော်ဇော။ ။ ငြိမ်းချမ်းရေးရဖို့အတွက် အထူးသံတမန်တောင်လွှတ်ပေးထားတဲ့ကြားထဲက အဲလိုအချိန်မျိုးမှာ စပြီးတော့ ဖြစ်တယ်။ နောက်မြန်မာပြည်နယ်စပ်ဆိုတော့ တရုတ်ပြည်ထဲလည်း ကျည်တွေဘာတွေကျတယ်လေ။ သူတို့တရုတ်နိုင်ငံက ၂ ယောက်လား ၃ ယောက်လား သေတဲ့အထဲမှာပါတယ်။ ဆိုတော့ အဲဒါတွေအားလုံး ခြုံငုံပြီးတော့ ငြိမ်းချမ်းရေးအတွက်ပဲ အဓိကထားပြီးတော့ ဘက်အားလုံးက အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်းချမ်းရေးအတွက်ပဲ အလုပ်လုပ်ကြဖို့ ၊ တချို့က ငြိမ်းချမ်းရေးရမှာစိုးလို့ တမင် အဖျက်လုပ်ငန်းတွေလုပ်တတ်တယ်၊ ချောက်ထဲမဝင်ကြဖို့ပေါ့ဗျာ အဲလိုဟာမျိုးပါ သူတို့တော်တော်လေးလည်း လန့်သွားပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမေလ နောက်ဆုံးအပတ်မှာလုပ်မယ့် တတိယ ပင်လုံညီလာခံမှာ တော်တော်များများ စုံစုံလင်လင်ပါဖို့ တော်တော်များများကြိုးစားနေတဲ့ကာလမှာ ဒီလိုထဖြစ်တော့ သူတို့လည်းနည်းနည်းစိတ်ပူသွားတယ်တူပါတယ် အဲဒါကြောင့်မို့ပါ။
မဆုမွန်။ ။ မူဆယ်မှာဖြစ်တဲ့အချိန်မှာ နယ်စပ်ဘက်ကိုလည်း ကျည်တွေကျတာနဲ့ပတ်သက်ပြီး သူကကြေညာချက်ထဲမှာလည်းဖော်ပြပြောသွားတယ်ဆိုတော့ နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က သတိပေးတာမျိုး ဒီကြေညာချက်မှာ ထည့်ထားတယ်ဆိုတော့ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ထင်ပါသလဲ။
ဒေါက်တာလှကျော်ဇော။ ။ ကိုးကန့်ကိစ္စကတည်းက တော်တော်ပြတ်ပြတ်သားသားပြောထားပြီးသား အခုဟာလည်း ထပ်တော့ပြောတယ်။ သူတို့ နိုင်ငံခြားရေးရုံးက နေ့တိုင်းလုပ်တဲ့ သတင်းစာ Conference ရှိတယ်လေ ။ အဲဒီမှာ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာပြည် အစိုးရဘက်ကိုလည်း သတိပေးထားတယ်လို့ ပြောသွားပါတယ်။
မဆုမွန်။ ။ အဲဒီအထဲမှာ ခုနဆရာမ ရှင်းပြသလိုပဲပေါ့နော် သက်ဆိုင်တဲ့သူတွေအနေနဲ့ စစ်ရေးပဋိပက္ခကြီးကျယ်လာတာကို ရှောင်ရှားဖို့ပြောတယ်ဆိုတော့ ဒီနယ်စပ်မှာ အခြေစိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော သူတို့သတိပေးတဲ့ ပုံစံမျိုးလည်းဖြစ်နိုင်သလား။
ဒေါက်တာလှကျော်ဇော။ ။ ဟုတ်ကဲ့ သူက ဘက် ၂ ဘက်တောင်မကပါဘူး ပါဝင်ပတ်သက်သူတွေအားလုံးလို့ပြောတယ် ။ အပစ်အခတ်ရပ်စဲရေးကို ကြေညာသင့်ပြီလို့တောင်ပြောတယ် ။ သူကြေညာချက်ထဲမှာ တပ်မတော်ကို လူမျိုးစုကိုရော အကုန်လုံးကို စုပြီးတော့ ပြောလိုက်တာ ပတ်သက်သူတွေအားလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ကောင်းပါတယ်ဆိုပြီးတော့တောင် ပြောသွားတာ။
မဆုမွန်။ ။ ဟုတ်ကဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စပေါ့နော် အထူးသဖြင့် မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြားမှာ ဖြစ်နေတဲ့ ဒီစစ်ရေးတင်းမာမှုတွေမှာ တရုတ်က အများကြီး ကြားဝင်ပြီးတော့မှ သူကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဖြစ်နေတော့ အခုဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို တရုတ်ဘက်က ဘယ်လောက်အတိုင်းအတာအထိ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ဆရာမ သုံးသပ်မိပါသလဲရှင့်။
ဒေါက်တာလှကျော်ဇော။ ။ သူတို့ကတော့ ထဲထဲဝင်ဝင် ဝင်ပါနေတာပဲ ။ ဒါပေမယ့် ခက်တာက ဒါက အဓိက မြန်မာ့တပ်မတော်အဓိကကျတယ်။ မြန်မာ့တပ်မတော်အနေနဲ့ သူ့အနေနဲ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တကယ်စိတ်ကောင်းစေတနာကောင်းနဲ့ စိတ်ရင်းစေတနာနဲ့ လုပ်ဖို့လိုတယ်။ အခုဖြစ်နေတဲ့ ပဋိပက္ခမှာ အင်အားအကြီးဆုံးက မြန်မာ့တပ်မတော်က အင်အားအကြီးဆုံးပဲလေ။ အဓိကကိစ္စတွေမှာ အခရာတာဝန်ယူရမှာက မြန်မာ့တပ်မတော်ဖြစ်တယ် အဲဒီတော့ တရုတ်ဘက်ကလည်း ဘက်ပေါင်းစုံကဝင်တယ်။ မြန်မာ့တပ်မတော်ကို ဘာလုပ်ပါလို့ ပြောလို့မရဘူးလေ။ အဲဒီတော့ သူ့အနေနဲ့ နည်းနာတွေပဲ ရှာပေးနေရတာပေါ့။ ဥပမာအားဖြင့် ဆွေးနွေးပွဲကို သူတို့နိုင်ငံမှာ သူတို့နိုင်ငံမှာ လာလုပ်ဖို့ ဟိုဘက်အဖွဲ့နဲ့ ဒီဘက်အဖွဲ့နဲ့ ထိန်းညှိပေးတာ ။ နောက်ဒီဘက်ကို လုပ်ပေးတာ ဒီလောက်ပဲရမယ် ။ ကျမတို့ မြန်မာပြည်ရဲ့ အဓိကပြဿနာကတော့ မြန်မာ့တပ်မတော်က တကယ်ငြိမ်းချမ်းရေးကို လိုချင်လာမှဖြစ်မယ် မဟုတ်ရင်တော့ မဖြစ်ဘူး။"
မူဆယ်တိုက်ပွဲနဲ့ပတ်သက်လို့ တရုတ်ဘက်က ကြေညာချက်ထုတ်ပြန်တာနဲ့ပတ်သက်လို့-တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေးလေ့လာသုံးသပ်နေတဲ့ ဒေါက်တာလှကျော်ဇောကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
Your browser doesn’t support HTML5