မြန်မာစစ်တပ်နဲ့ AA ရခိုင် လက်နက်ကိုင်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေ မပြတ်ဖြစ်နေသလို၊ AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ မသင်္ကာဖြစ်မှုနဲ့ ဒေသခံအချို့ ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုနိုင်ကွန်းအိန်က စုံစမ်းမေးမြန်းထားပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အစပ်ဖက်မှာ မနေ့က ညဖက်က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ မေလ(၂၈) ရက်နေ့ ည (၈) နာရီမှာ ဒီရသေ့တောင်နဲ့ ဘူးသီးတောင် အကြား အဲဒီ ရသေ့တောင်မြို့နယ် သက်ပြေကျရွာနဲ့ဘူးသီးတောင်မြို့နယ် သိုင်းတဘုတ်ရွာ ကြားမှာ ထိတွေ့တိုက်ခိုက်မှု ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာ အထိခိုက် အကျဆုံးတော့ အခုထိ မသိရသေးဘူးဗျ။”

မနေ့က တရက်တည်းမှာဘဲ တိုက်ပွဲြုဖစ်ပွားတာ မရှိပေမယ့်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်မြို့နယ် ဘက်မှာ မြန်မာ့တပ်မတော် ကနေ လက်နက်ကြီးတွေနဲ့ (၆)နေရာလောက် တောက်လျှောက် ပစ်ခတ်ခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မနေ့က ကျောက်တော်မြို့နယ် အစပ်မှာ တိုက်ပွဲငယ် ဖြစ်ပွါးခဲ့တာဖြစ်ပြီး တပ်မတော်နေနဲ့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ပလက်ဝမြို့နယ်ဖက်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲလို့ ပြောပါတယ်။

“မနေ့ကတော့ ကျွန်တော်တို့ ယိုးတရုတ်ဖက်မှာတော့ အနောက်ဖက်မှာတော့ ဖြစ်ခဲ့တာရှိတယ်။ အဲဒီတိုက်ပွဲလည်း ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ မနေ့က ကျွန်တော်တို့ ပလက်၀ မြောက်ခြမ်း ဘက်မှာတော့ အရင်တနေ့က တိုက်ပွဲဖြစ်တဲ့ နေရာမှာဘဲ ကျွန်တော်တို့ ရှင်းလင်းတာမျိုး ရှိတယ်။”

မေလ ၂၆ ရက် မနက်ပိုင်းက မြန်စာစစ်တပ်ကို တင်ဆောင်လာတဲ့ စက်လှေကို ကုလားတန်မြစ်ကမ်းမှာ AA ဖက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ နုံးဘူးကျေးရွာ ဖက်မှာလည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။

ဒီဖြစ်တဲ့ တိုက်ပွဲမှာ အရာရှိတွေ အပါအဝင် တပ်မတော်ဖက်က (၃၅) ဦး ကျဆုံးတယ်လို့ ရခိုင့်တပ်မတော် ဖက်က သတင်း ထုတ်ပြန်ထားပါတယ်။

AA ဖက်က ပစ်ခတ်မှုကြောင့် ကုလားတန်မြစ် အတွင်း တပ်မတော်ကနေ စီးနင်းလာတဲ့ စက်လှေ နစ်မြုပ်ခဲ့တာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရှာဖွေနေဆဲလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ကတော့ ဒီတိုက်ပွဲ အတွင်း တပ်မတော်ဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ VOA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာသား နှစ်ဦးကို ဒီမနက်ပိုင်းမှာ မြန်မာစစ်တပ်ကနေ လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပါတယ်။

ပစိုင်းဆည်မှာ ငါးဖမ်းနေစဉ် အတွင်း မြန်မာစစ်တပ်ကနေ လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ခေါ်ယူခံရသူ မောင်ယောင်းရဲ့ ဇနီးဖြစ်သူ ဒေါ်နိုင်နိုင်အေးက ပြောပါတယ်။

“ (၆) နာရီ အချိန်လောက်မှာ ခေါ်သွားပါတယ်။ ကျွန်မယောကျ်ားကို။ စစ်တပ်ကခေါ်တယ်။ သူတို့က အခုထက်ထိ မရောက် သေးပါဘူး။ သတင်းလည်း မကြားရသေးပါဘူး။”

ညောင်ချောင်း ကျေးရွာသား နှစ်ဦးဖြစ်တဲ့ မောင်ယောင်းနဲ့ မောင်သန်းကျော်တို့ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင် သွားအပြီး မွန်းလွဲပိုင်းမှာ ပြန်လည် လွတ်မြောက်လာတယ်လို့ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအေး ကပြောပါတယ်။

“မောင်သန်းကျော်နဲ့ မောင်ယောင်းပါ။ သူတို့ (၂) နာရီလောက်မှာ ပြန်လွတ်လာတာပါ။ မေးမြန်းတာတော့ ရှိတာပေါ့။ သူတို့ကို လမ်းပြဘဲ ခေါ်သွားတာပါ။ သတ်မှတ်ထားတဲ့ နေရာ ပြန်ရောက်တာနဲ့ သူတို့ကို ပြန်လွှတ်လာတာ ဖြစ်ပါတယ်။”

မြန်မာ့တပ်မတော်နဲ့ရခိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေမှု အတွင်း ဒေသခံ ရွာသားတွေကို တပ်မတော် ကနေ AAနဲ့ဆက်သွယ်နေတယ် ဆိုပြီး ဖမ်းဆီးအရေးယူမှု တွေလည်း လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင် အပါအဝင် ကိုဌေးအောင်၊ အလယ်ချောင်းရွာက ဦးအောင်ထွန်းစိန် တို့ကို AA နဲ့ ဆက်သွယ်မှု သံသယနဲ့ စစ်တပ်ကနေ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။

အဲဒီအထဲက သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အလယ်ချောင်း ကျေးရွာသား ဦးအောင်ထွန်းစိန်တို့ နှစ်ဦးကို မနေ့က ပြန်လွှတ်ပေးခဲ့ပြီလို့ ဘူးသီးတောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“(၄) ယောက် ဖမ်းထားတာ အကုန်လုံး (၄) ယောက်မှာ (၂) ယောက် လွတ်တယ်။ (၂) ယောက် ကျန်တယ်။ တပ်က ဖမ်းပြီးမှ ရဲကို အပ်တာ ရဲက တရားစွဲတယ်။ ရဲဆိုတာ နယ်ခြားစောင့် ရဲဘဲ။ ဒါလဲ တပ်က ပါဘဲ။ အခု အုပ်ချုပ်ရေးမှူးလည်း တယောက် လွတ်တာပေါ့လေ။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာ အနီး မြန်မာတပ်မတော်နဲ့ AA ရခိုင် လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါး အပြီး သူတို့တတွေကို AA နဲ့ ဆက်နွယ်နေတယ် ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီး သွားတာ ဖြစ်ပြီး မနေ့က (၂) ယောက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ တပ်မတော်ကနေ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာကို ဝိုင်းပတ်ပိတ်ဆို့ပြီး ရွာသား (၃၀၀) နီးပါးကို စစ်ဆေးခဲ့ရာမှာ AA အဖွဲ့လို့ သံသယရှိသူ (၈) ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

အလားတူ ကျောက်တော် မြို့နယ် အတွင်းမှာလည်း AA အဖွဲ့ကလို့ မသင်္ကာမှုနဲ့လူ (၁၀) ဦးကျော်ကို စစ်တပ်ကနေ ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။

တပ်မတော်နဲ့ ရခိုင်တပ်တော်တို့ တိုက်ပွဲစဉ် အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေခဲ့သလို AA နဲ့ ပက်သက် နေတယ် ဆိုပြီး ဖမ်းဆီးတရားစွဲဆို ခံရမှုတွေလည်း များပြားနေပါတယ်။

စစ်ရေးပဋိပက္ခ အတွင်း ဒေသခံ ရွာသား (၄၀၀၀၀) ကျော်ဟာလည်း စစ်ဘေး တိမ်းရှောင်နေရပြီး စားသောက်နေထိုင်ရေးမှာ အခက်ခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်တပ်နဲ့ AA ရခိုင် လက်နက်ကိုင်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်