လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက် ကျင်းပဖွယ်ရှိ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာ ၁၃နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပဖို့ရှိနေပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမယ့်ရက်ကို တာကို တလအတွင်းလောက်မှာ ကြေညာဖွယ်ရှိနေပါတယ်။ လောလောဆည်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ပါတီ ၁၀ပါတီလောက်လာမယ့်ကြားဖြတ်ရွေးကော်ပွဲမှာ ပါဝင်ဖွယ်ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလ ၃ရက်နေ့ စနေနေ့မှာ ကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ၄နေရာ၊ အမျိုးသားလွှတ်တော် ၁နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈နေရာ စုစုပေါင်း ၁၃နေရာအတွက် ကျင်းပမှာဖြစ်ကြောင်း မေလ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲရက် သတ်မှတ်ကြေညာပြီးတဲ့နောက်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်ရက်ကို မကြာမီကာလအတွင်းမှာ ထပ်မံကြေညာဖို့ရှိကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“မကြာခင် ဆက်ကြေညာမှာပါ။ ဘယ်နေ့ကို တင်ရမယ်ဆိုပြီးတော့၊ စိစစ်ဖို့ ဆိုပြီးတော့။ ခန့်မှန်းခြေ တစ်လတောင်မကြာပါဘူးနော်။ အခုတော့ မဲစာရင်းတွေ လုပ်နေတုံးပေါ့နော်။”

လောလောဆည်မှာတော့ မှတ်ပုံတင်ရပြီးသား ပါတီအသစ် ၉ပါတီရှိနေပြီး မှတ်ပုံတင် လျှောက်ထားဆဲ ရှစ်လေးလုံးပြည်သူ့ပါတီနဲ့ ကချင်ပါတီ ၄ပါတီ ပေါင်းစည်းဖွဲ့စည်းပြီး မှတ်ပုံတင်ဖို့ ပြင်ဆင်နေတာတွေလည်း ရှိနေတာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအသစ် ၁၀ပါတီထက်မနည်း ပါဝင်ဖွယ်ရှိနေပါတယ်။

ရှစ်လေးလုံးမျိုးဆက်တွေ ဦးဆောင်ဖွဲ့စည်းတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီက လာမယ့် ကြားရွေးကောက်ပွဲပါဝင်နိုင်တဲ့အခြေအနေကို ပါတီရဲ့ ဒုတိယခေါင်းဆောင် ကိုရဲနိုင်အောင်က အခုလို ပြောပါတယ်။

“ ကျနော်တို့က တရားဝင်နိုင်ငံရေးပါတီဖြစ်သွားပြီဆိုရင် ၃နေရာကတော့ မဖြစ်မနေဝင်ရမယ်။ ဒါကတော့ သေချာသွားပြီ။ သို့သော် ၃နေရာထက် ပိုဝင်မဝင်ဆိုတာကတော့ တရားဝင်နိုင်ငံရေးပါတီဖြစ်ပြီး စည်းရုံးရေးအနေအထား ဘာညာအားလုံးပေါ့။ အခြေအနေအားလုံးခြုံငုံသုံးသပ်ပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်တဲ့အတွက် လောလောဆည်တော့ ၃နေရာထက် ပိုပြီး ဘယ်နှစ်နေရာ ဝင်မယ် မဝင်ဘူးဆိုတာ မပြောနိုင်သေးဘူးပေါ့နော်။ ”

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်က အမျိုးသားလွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်တစ်နေရာအတွက် ရွေးချယ်ဖို့ ရှိနေတာပါ။ အသစ်ဖွဲ့စည်းမယ့် ကချင်ပါတီအနေနဲ့ ပါဝင်လာနိုင်တဲ့အခြေအနေကို လက်ရှိ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာက အခုလို ပြောပါတယ်။

“ ကျနော်တို့ ဒီပါတီ ၄ပါတီပေါ့၊ ဒီပေါင်းစည်းဖို့ MoU က ထိုးထားတယ်ဗျာ။ ဒီမေလ မကုန်ခင် အပြီးသတ် လုပ်သွားမှာပါ။ ပြီးရင် UEC ကို လျှောက်လွှာတင်သွားမယ်။ အောက်တိုဘာလောက်ဆိုရင်တော့ Register ကျလောက်မယ်လို့ ကျနော် ယူဆတယ်လေ။ ပြီးလို့ရှိရင်တော့ အဲဒီပါတီကပဲ တယောက်ကို ရွေးမယ်။ Register မကျသေးရင်လည်း ပါတီပေါင်းစည်းရေးပြင်ဆင်မှု အပြီးသတ်လုပ်နိုင်ပြီဆိုရင် ကျနော်တို့ ရွေးလို့ ရပြီ။ အဲဒီပါတီထဲကပဲ တယောက်ရွေးဖို့ စဉ်းစားထားတယ်။ ကျနော်တို့ အချင်းချင်းလည်း တိုင်ပင်ထားတယ်။ ”

လာမယ့် နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ်လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသ ကြီးမြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဧပြီလမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ တကြိမ် ကျင်းပ ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၉နယ်ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆နေရာနဲ့ အများဆုံးရခဲ့ကြပါတယ်။

Your browser doesn’t support HTML5

လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက် ကျင်းပဖွယ်ရှိ