စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်အတွက် အဓိက ကုန်စည်တင်ပို့နေတဲ့လမ်းကြောင်းတွေကို စစ် ကောင်စီက ဒီရက်ပိုင်းမှာပဲ ဆက်တိုက်ဆိုသလို ပိတ်လိုက်ပါတယ်။ ရပ်စောက် - ကျောက်ဂူလမ်းကို မနေ့က ပိတ်လိုက်ပြီး ဒီကနေ့မှာတော့ တောင်ကြီး - လွိုင်လင်- လဲချားလမ်းကိုပါ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းကို တရုတ်နိုင်ငံက ကုန်ပစ္စည်းတင်ပို့မှုတွေ ပိတ်ပင်ထားတဲ့တချိန်တည်းမှာ စစ်ကောင်စီကပါ ထပ်မံပိတ်ဆို့လိုက်တဲ့နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နောက်မှာ ရှမ်းပြည်နယ်ကနေ မြေပြန့်ဒေသကို ဆက်သွယ် ထားတဲ့ လားရှိုး- သီပေါ- ကျောက်မဲ-မန္တလေးလမ်းဟာ လမ်းတံတားတွေ ကျိုးပြတ်တာကြောင့် ကုန်ပစ္စည်းတင်ပို့တာ တွေကို ရပ်စောက်- ကျောက်ဂူလမ်းဘက်ကန အဓိက ဆောင်ရွက်ခဲ့ရတာပါ။
အင်္ဂါနေ့မနက်ကတော့ ရပ်စောက်-ကျောက်ဂူလမ်းကို ဗထူးမြို့ စစ်တပ်ဂိတ်ကနေ စတင်ပိတ်လိုက် ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဓိကကုန်ပစ္စည်းတွေ သယ်ယူတာကို ပိတ်လိုက်တာလို့ ရပ်စောက် ဒေသခံတဦးက VOA ကိုပြောပါတယ်။
“ဟုတ်တယ်။ မနေ့က ကုန်ကားကြီးတွေ ပိတ်သွားတယ်ဗျ။ ကုန်တွေတင်ခွင့်မပြုတော့ဘူးဗျ။ ကားဆရာတွေမေးတော့လည်း ဟုတ်တယ်တဲ့။ သူတို့မြောက်ပိုင်းကို ရောက်သွားတဲ့ ကားတွေကတော့ ခါလီ ပြန်လာလို့ ရမယ်ပေါ့။ ဒီဘက်ကလည်း ပေးမဖြတ်တော့ဘူး။ ဟိုဘက်ကလည်း ပေးမဖြတ် တော့ဘူးတဲ့ ကုန်က။ ကားငယ်တွေတော့ လာနေတာဗျ။နောက်ပြီး ဒီဘက်ကနေ ဟိုဘက်ရောက် သွားတဲ့ကားတွေတော့ ဒီဘက်ကို ဝင်ခွင့်ပေးမယ်တဲ့ အဲလိုတော့ ပြောတယ်တဲ့။”
ရှမ်းပြည်မြောက်ပိုင်းက နောက်ထပ် ဒေသခံတဦးကလည်း ကုန်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“လက်ရှိက ဘယ်လိုဖြစ်နေလဲဆိုတော့ ခရီးသွားကားမှာမှ လူချည်း သီးသန့်ချည်းပဲသွားမယ် ဆိုရင် တော့ ပေးသွားတယ်တဲ့။ ကျောပိုးအိတ်တွေ ဘာတွေ ပါရင်တောင် မရဘူးတဲ့။ အဓိက,က ကား ခေါင်မိုးပေါ်မှာ ပစ္စည်းသယ်လာတဲ့ကားတွေဆို အကုန်ပြန်လှည့်ပဲတဲ့။ ဒီကနေ စားနပ်ရိက္ခာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တခုခု အဲဒါမျိုးသယ်တဲ့ဟာတွေ၊ကုန်ပစ္စည်းသယ်တဲ့ဟာတွေ မသွားခိုင်းဘူးဆိုတော့ အားလုံး ပြန်လှည့်ကုန်တာ။ အိမ်စီးကားမှာမှ လူချည်းပဲ သီးသန့်သွားမယ်ဆိုရင်တော့ ရတယ်။”
ရှမ်းပြည်မြောက်ပိုင်းကို သွားတဲ့ တောင်ကြီး- လွယ်လင်- လဲချားလမ်း ကိုလည်း ဒီကနေ့ကစပြီး ပိတ်လိုက်ပြီလို့နောက်ထပ်ဒေသခံတယောက်ကလည်း ပြောပါတယ်။
“ဒီနေ့က လွိုင်လင်ဘက်လည်း ပိတ်သွားပြီတဲ့။ ဒီနေ့ စပိတ်တာ။ လူတော့ ပေးသွားတယ်။ ဒါပေမဲ့ တအားစစ်ဆေးမေးမြန်းရှိတယ်။ ကုန်ပစ္စည်းကတော့ ဘာမှကို တင်ခွင့်မပေးဘူးတဲ့။ ဒီဘက်မှာကတော့ ဗထူးတပ်ကနေ ပိတ်တယ်။ လွိုင်လင်ဘက်ကတော့ လဲချားမှာ တနေရာ ပိတ်တယ်။ ပြီးတော့ မိုင်းနောင် လမ်းခွဲမှာ တနေရာ ပိတ်တယ်။”
ရှမ်းပြည်နယ်အတွက် ကုန်စည်တင်ပို့နေတဲ့ လမ်းကြောင်းတွေကို ပိတ်လိုက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက လတ်တလော တစုံတရာ ပြောဆိုတာ မရှိပါဘူး။ ရှမ်းပြည်နယ် မြောက်ပိုင်းကို တရုတ်နိုင်ငံက ကုန်စည်တင်ပို့မှုတွေ ပိတ်ထားချိန်မှာ စစ်ကောင်စီကပါ ပိတ်လိုက် တာကြောင့် ကုန်စည်ပြတ်လပ်မယ့် အခြေဆိုက်နေတဲ့အတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“ပြောမယ်ဆိုရင်တော့ မြောက်ပိုင်း တပိုင်းလုံးကို ပိတ်တာပေါ့။ တရုတ်ကလည်း နယ်စပ်ပေါက်တွေ ပိတ်ပေါ့။ သူတို့ကလည်း မြန်မာပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပိတ်တဲ့သဘောပေါ့။ အခုသူတို့လုပ်တဲ့ ပုံစံက တရုတ်နဲ့ သူနဲ့လက်ဝါးချင်းရိုက်ပြီး လုပ်တဲ့ပုံစံ။ လုံး၀ မြောက်ပိုင်း တခုလုံးကို ပိတ်လိုက်တဲ့ ပုံစံကြီးဖြစ်နေတာနော်။”
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA တအန်းနဲ့ MNDAA ကိုးကန့်တပ်တွေက လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်။လားရှိုး၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့ကြီးတွေအပါအဝင် ရှမ်းမြောက်ဒေသက မြို့အားလုံး နီးပါးကို ထိန်းချုပ်ထားခဲ့တာပါ။ တရုတ်နိုင်ငံဘက်ကတော့ ပြီးတဲ့တဲ့ လပိုင်းတွေမှာ TNLA နဲ့ MNDAA ကို တိုက်ပွဲတွေရပ်ဆိုင်းဖို့နဲ့ လားရှိုးကဆုတ်ခွာဖို့ ဖိအားပေးတဲ့သတင်းတွေ ထွက်ပေါ်ခဲ့သလို နောက်ပိုင်းမှာ နယ်စပ်ဂိတ်တွေ ပိတ်ခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ စစ်ကောင်စီဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ရာနယ်မြေတွေက မြို့တွေကို လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေပြီး မိုင်းရယ်မြို့ ကို စစ်အင်အားတွေပို့နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ ဒီနေ့နှောင်းပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်းကို ကုန်တွေသာမက လူတွေကိုပါ ဝင်ခွင့်မပြုတော့ဘူးလို့လည်း သိရပါတယ်။